Monday, October 17, 2011

အစိုးရတာဝန် ယူထားရသော မြန်မာ ဘုန်းတော်ကြီး စာသင်ကျောင်းများ

16 October 2011

မြန်မာကလေးငယ် ၂ သိန်းကျော်၏ ကျောင်းပညာရေးကို ဘုန်းတော်ကြီးသင် ပညာရေးက တာဝန်ယူထားရကြောင်း သတင်းရရှိ ပါသည်။

နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်ကို ထုတ်ပြန် ကြေငြာခဲ့ရာတွင် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်မှာ အခြားသော ဌာနများ နှင့် နှိုင်းယှဉ်ပါက ရာခိုင်အရ (၂) ရာခိုင်နှုန်းခန့်သာရှိနေသည်။ ဤဘတ်ဂျတ်ငွေနှင့် ကျောင်းနေအရွယ် ကလေးငယ် ၁၃ သန်းခန့် အတွက် မည်သို့မျှ မလုံလောက်ကြောင်းလည်း သိရှိရသည်။


မြန်မာအစိုးရ၏ ပညာရေးအတွက် စုစုပေါင်း သုံးငွေမှာ ကျပ်သန်းပေါင်း (၃၅၂ ၅၄၈) ရှိကြောင်း ကြေညာခဲ့သည်။ ဤငွေ ပမာဏ မှာ ကျောင်းပေါင်း (၄၀၉၀၀) လေးသောင်းကိုးရာ၊ ကျောင်းသား (၈၀၀၀၀၀၀) ရှစ်သန်း၊ ဆရာ အရေအတွက် (၂၇၄၀၀၀) နှစ်သိန်း ခုနှစ်သောင်း လေးထောင်၊ ကောလိပ် (၆၄) ကျောင်းနှင့် တက္ကသိုလ် (၉၇) ခုနှစ်အတွက် သုံးမည့် ငွေကြေးဖြစ်သည်။ စစ်အသုံးစရိတ်သည် နိုင်ငံတော်မှ သုံးသည့်ကဏ္ဍများတွင် အများဆုံး ဖြစ်သည်။ ၄၀ ရာခိုင်နှုန်းကျော် ရှိနေသည်။

ဤကဲ့သို့ နိုင်ငံတော် အသုံးစရိတ်ကို ကြေညာခြင်း မရှိသည်မှာ နှစ်ပေါင်း (၂၂) နှစ်ကြာ မြင့်ခဲ့ပြီဖြစ်သည်။ ပညာရေး အသုံး စရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ (၄.၄၂) ရာခိုင်နှုန်း သုံးစွဲမည် ဟုကြေငြာပြီးနောက် ဘုန်းတော်ကြီး ကျောင်းများအား အခြေခံ ပညာ အလယ်တန်းထိ ပညာသင်ကြားခွင့် ပြုကြောင်းမကြာမီက အစိုးရမှ ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၁၃ စာသင်နှစ်မှစ၍ မူလတန်းလွန်ထိ ဖွင့်လှစ်သင်ကြားနေသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ အား အခြေခံ ပညာ အလယ်တန်းအထိ တိုးချဲ့သင်ကြားခွင့် ရရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ “ဘုန်းကြီးတို့ဘက်က လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် စပြီဆိုတာနဲ့ အခြေခံပညာ အလယ်တန်းအထိ ပညာ သင်ကြားခွင့်ရသွားပါပြီ၊ အဲဒီအတွက်လည်း သက်ဆိုင်ရာကို ကျေးဇူးတင်နေတယ်၊ ဖွင့်ခွင့် ရပြီဆိုတော့ ဖွင့်နိုင်ဖို့အတွက်ကို ဆရာ အသစ် ခေါ်ဖို့အတွက်ရော ကျောင်းစာသင်ဖို့ နေရာတွေ အတွက်ကိုပါ အခုကတည်းက ပြင်ဆင် ထားနေတယ်”ဟု မရမ်းကုန်းမြို့နယ်အတွင်းရှိ မူလတန်းလွန်အထိ ဖွင့်လှစ် သင်ကြားပေး လျက်ရှိသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ စန္ဒောဘာသ က မိန့်ကြား သည်။

ယနေ့တိုင် အခြေခံပညာ အထက်တန်းအထိ ပညာ သင်ကြားခွင့် ရရှိသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်း သာ ရှိ ၍ အများစုမှာ အခြေခံပညာမူလတန်းနှင့် မူလတန်းလွန် အထိသာ ဖွင့်လှစ် သင်ကြားပေးနေသော ကျောင်းများဖြစ် သည်။ စက်တင်ဘာလပိုင်းတွင်း မန္တလေးတိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲတစ်ခုတွင် မူလတန်းလွန် အဆင့်မှ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအထိ တိုး၍ ပညာသင်ကြားခွင့်ပြုရန် ဆွေးနွေးခဲ့ကြသော်လည်း သက်ဆိုင်ရာမှ အခြေခံပညာ အလယ်တန်းအဆင့်အထိ သင်ကြားရန် ညွန်ကြားခဲ့သည်။

“ဒီဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို အခြေခံပညာ အလယ်တန်းအထိ ကိုပညာသင်ကြားဖို့အတွက် တောင်းဆိုတာ အဆင်ပြေတဲ့အတွက် အခြေခံပညာ အလယ်တန်းအထိ ပညာသင်ကြားနိုင်ဖို့ အတွက်ကို ပြင်ဆင်နေကြတာပါ၊ တခြားဒေသက မူလတန်းလွန်အထိ သင်ကြားနေကြတဲ့ ကျောင်းတွေလည်း အလယ်တန်းအထိ ပညာ သင်ကြားပေးဖို့အတွက် ပြင်ဆင်နေကြ တယ်”ဟု စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေသမား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တကောသလ္လာဘိ ၀ံသက မိန့်ကြားသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဘုန်းတော်ကြီးသင် ပညာရေး သင်ကျောင်းပေါင်း ၂၅၀၀ ကျော် ရှိပြီး တက် ရောက် သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားပေါင်း ၂ သိန်းကျော်တက်ရောက် သင်ကြား နေလျက်ရှိကြောင်း၊ ထိုအရေ အတွက်မှာ မြန်မာနိုင်ငံ၌ ပညာ သင်ကြားလျက်ရှိသော ကျောင်းသားများ၏ ၁၆ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအတွက် ပြုစုထားသော စစ်တမ်းတစ်ခု၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

တိုင်းပြည်အတွင်းရှိ ကျောင်းမနေနိုင်ရှာကြသည့် ကလေးငယ် သိန်းပေါင်းများစွာအတွက် အားတက်ဖွယ်ရာ ဖြစ်သော်လည်း ပညာရေး စီမံခန့်ခွဲရေးနှင့် အရည်အသွေးပြည့်မီသော အတွက် ပညာရေး ကောလိပ်ဆင်းနှင့် ဘီအီးဒီဘွဲ့ရ ဆရာများ ရရှိရန် အခက်အခဲရှိသည်ဟု မန္တလေးတိုင်း၊ နယ်မြေလေးတစ်မြို့ရှိ အမည်မဖော်လိုသူ ဘကကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြား ခဲ့သည်။

ထို့အပြင် ထေရ်ကြီး၊ ၀ါကြီး ဆရာတော်ကြီးများနှင့် ပညာရှင် အချို့က လူမှုရေးနှင့် ဘာသာရေး ရောရောထွေးထွေး ဖြစ်လာမည် ကို စိုးရိမ်ကြကြောင်းလည်း သိရှိရပါသည်။ အစိုးရအလုပ်နှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး တာဝန်ကို ဘုန်းကြီး တွေ လုပ်သင့်၊ မလုပ်သင့် စဉ်းစားစရာ ရှိကြောင်းလည်း ဆိုကြပါသည်။ ပညာရေး အရည်အသွေးနှင့် ပတ်သက်ပြီး လည်း စိုးရိမ်မှုများကို ကြားသိရပါသည်။

“တချို့ကလည်း ပြောကြပါတယ်။ ဒါပေမဲ့လို့က ဦးဇင်းတို့ရဲ့ နယ်မြို့လေးမှာက စာသင်ကျောင်း တစ်ကျောင်းပဲ ရှိတာ။ အနီးအပါး ရွာတွေက ကလေးငယ်တွေအတွက် ဘယ်လိုမှကို အဆင်မပြေတော့ ဒီ စာသင်ကျောင်းကို ဦးဇင်းတို့ရဲ့ ဘုန်းကြီးကျောင်းဝင်းထဲ က ဆွမ်းစားဆောင်မှာ စဖွင့်ပေးခဲ့တာ။ ၅ နှစ် လောက် ရှိပါပြီ။ အခုတော့ ကလေးငယ် ဦးရေ ၇၀၀ ကျော်ပါပြီ။ ကိုယ်ထူကိုယ်ထ စနစ်နဲ့ပါ။”

Ref: မောက္ခ

0 comments:

အပေါ်သို့