Thursday, October 20, 2011

ကချင်အရပ်သားများကို အနိုင်မကျင့်ရန် HRW တောင်းဆို

စောရန်နိုင်
October 19, 2011

ဇွန်လမှစတင်ပြီး ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်က ဒေသခံ အရပ်သားများကို အကြီးအကျယ် အနိုင်ကျင့် နှိပ်စက် နေသည်ဟုHuman Rights Watch (HRW) လူ့အခွင့်အရေး အဖွဲ့ကြီးက အင်္ဂါနေ့တွင် ပြောလိုက်သည်။

တိုက်ပွဲများကြောင့် ထွက်ပြေးရသည့် အရပ်သားပေါင်း သုံးသောင်းဝန်းကျင်ရှိမည်ဟု နယူးယောက်အခြေစိုက် HRW အဖွဲ့က ခန့်မှန်း ထားသည်။

အရပ်သားများကို သတ်ဖြတ်မှု၊ တိုက်ခိုက်မှု၊ လုပ်အားပေးခိုင်းစေမှု၊ ကျေးရွာများကို ဖျက်ဆီးမှုတို့အတွက် အစိုးရ တပ်များတွင် တာဝန် ရှိသည်ဟု HRW က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ထပ်ပြီး ဖန်တီးတယ်ဆိုတာ မြန်မာ့တပ်မတော်က ကချင်ဒေသခံတွေကို ထပ်ပြီး အနိုင်ကျင့် နှိပ်စက်တဲ့ အဓိပ္ပာယ်ပါပဲ” ဟု HRW အဖွဲ့၏ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson က ပြောသည်။

“မိုးတွေ ရွာနေတဲ့အချိန်မှာပဲ စစ်တပ်ကို ကြောက်လို့ ထောင်သောင်းချီတဲ့ လူတွေက တောတွေ တောင်တွေဖြတ်ပြီး ထွက်ပြေး နေကြရတယ်” ဟု သူက ပြောသည်။

HRW ၏ ကြေညာချက်တွင် အမေရိကန်၏ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ် တနင်္လာနေ့တွင် ပြောဆိုသော အချက်များကိုလည်း ထည့်သွင်းထားသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးနေကြသည့် ဆက်ဆံရေး မျိုးကို အစိုးရက တိုင်းရင်းသား တို့နှင့် မတည်ထောင် နိုင်သေးကြောင်း မစ္စတာ ဒဲရက်မစ်ချယ်က ထောက်ပြထားသည်။

တိုင်းရင်းလူမျိုးစုဒေသမှ ကလေးများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု တို့နှင့် ပတ်သက်ပြီး ယုံကြည် စိတ်ချရသည့် သတင်း အချက်အလက် များအကြောင်း ကိုလည်း မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုသွားသည်။

“ဒီလို မတရားမှုတွေ၊ ဒီလို သတင်းတွေ ထွက်ပေါ်နေသမျှတော့ ကျနော်တို့ (၂ နိုင်ငံ) ဆက်ဆံရေးတိုးမြှင့်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောထားပြီးပါပြီ” ဟု မစ္စတာ ဒဲရက်မစ်ချယ်က ပြောသည်။

နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်နေသော်လည်း အစိုးရက တိုင်းရင်းသားဒေသ ပဋိပက္ခများကို မဖြေရှင်းနိုင် သို့မဟုတ် ဖြေရှင်းလိုခြင်း မရှိ ဟူသော အချက်ကို အမေရိကန် အထူးကိုယ်စားလှယ် နှင့် HRW အဖွဲ့တို့၏ ကြေညာချက်များက ညွှန်ပြနေသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၃၅ သို့မဟုတ် ၄၀ ရာခိုင်နှုန်းမှာ ဗမာ မဟုတ်သော လူမျိုးစုများဖြစ်သည်။ ကရင်၊ ရှမ်း၊ ကယား၊ ကချင်၊ မွန်၊ ချင်း၊ ရခိုင် စသည့် လူမျိုးစုများက လက်နက်ကိုင်အဖွဲ့များ ဖွဲ့ပြီး အစိုးရကို ပုန်ကန်ခဲ့ကြသည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း လူမျိုးစု သူပုန်အဖွဲ့ အများအပြားက အစိုးရနှင့် အပစ်ရပ်ရေး သဘော တူညီ ခဲ့ကြသော်လည်း တိုင်းရင်းသား ဒေသ ပဋိပက္ခများ ရပ်ဆိုင်းသွားခြင်း မရှိသေးပေ။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် အစိုးရတပ်က တိုင်းရင်းသားဒေသတွင် နှိပ်စက်အနိုင်ကျင့်မှုများ ဆက်တိုက် ကျူးလွန် နေကြောင်း စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည်။ နှိပ်စက် အနိုင်ကျင့်မှုများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့ကြောင်း၊ ထိုအမှုများမှာ စစ်ရာဇ၀တ်များ သို့မဟုတ် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုများ ဖြစ်ကြောင်း ထောက်ပြထားသည့် အစီရင်ခံစာ အများအပြားလည်း ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း The New York Times သတင်းစာသို့ ပေးပို့သည့် ကရင်တိုင်းရင်းသူ မိုင်းရာဒါးဂေဖော၏ ပေးစာတွင် “မြန်မာ့ တပ်မတော်သားတွေက ကျမ မိဘတွေကို သတ်လိုက်တယ်။ ကျမရဲ့ မောင်နှမတွေကို သတ်တယ်။ ကျမဦးလေးကို သတ်တယ်၊ မသတ်ခင် သူ့ မိန်းမကို မတရား ၀ိုင်းကျင့်ကြတာကို ကြည့်ခိုင်း လိုက်သေးတယ်။ စစ်သားတွေက ဒီလို လုပ်အားပေး ခိုင်းတာ၊ မုဒိမ်းကျင့် အကြမ်းဖက်တာ၊ ရွာပြောင်းခိုင်းတာ ပြီးတော့ တခြားနည်းတွေနဲ့ အနိုင်ကျင့်တာမျိုး ဗိုလ်ကျ စိုးမိုးတဲ့ နည်းလမ်းပေါင်းစုံ သုံးနေကြတာကို ဘာကြောင့် အမေရိကန် သမ္မတ အိုဘားမားက ဦးသိန်းစိန်ကို ချီးကျူးနေရတာလဲ” ဟု ရေးသား ဖော်ပြထားသည်။

သူ၏ ပေးစာမှာ ဦးသန့်မြင့်ဦး ရေးသားသည့် The New York Times သတင်းစာပါ အတွေးအမြင် ဆောင်းပါးနှင့် ပတ်သက်ပြီး တုံ့ပြန် ထားခြင်း ဖြစ်သည်။

ဆောင်းပါးတွင် ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော “ပြုပြင်ပြောင်းလဲရေးများ”အား လူသိရှင်ကြား ထောက်ခံ အားပေးရန် အမေရိကန် သမ္မတကို တိုက်တွန်း ရေးသားထားသည်။

ဦးသိန်းစိန်အစိုးရက ဆင်းရဲမှုတိုက်ဖျက်ရေး၊ လာဘ်စားမှု တိုက်ဖျက်ရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးများ လုပ်ဆောင် နေပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုပ်ဆောင် နေသည်ဟုလည်း သူက ဆောင်းပါးတွင် ရေးထားသည်။

တိုင်းရင်းသားဒေသပဋိပက္ခများကို ကိုင်တွယ်ရန် အစိုးရက လွှတ်တော်တွင် ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းရေးကို သဘော တူထားသော်လည်း တိုးတက် ဖြစ်ထွန်းမှုများ ပေါ်ပေါက် မလာသည့်အပြင် ဒေသတချို့တွင် ရန်လိုသည့် အပြုအမှု များသာ တိုးပွား လာနေသည်ဟု အကဲခတ်များက ဆိုသည်။

တိုင်းရင်းသားတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အစိုးရက လေသံပစ်ထားသော်လည်း ကရင်ပြည်နယ် အတွင်းတွင် တိုက်ပွဲ ငယ်များ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်ဟု ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KNU ၏ အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

“နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ပြန်လွှတ်ပေးတယ်၊ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းတွေ ဆိုင်းငံ့ ပေးတယ်၊ ငြိမ်းချမ်းရေး ကော်မတီ တည်ထောင်တယ် ဆိုတဲ့ ခြေလှမ်းတွေက ကောင်းတဲ့ သတင်းတွေပဲ။ ဒါပေမယ့် ဒီဖြစ်ထွန်းမှုတွေ ရှိနေပေမယ့် အစိုးရ တပ်တွေက နယ်စပ် တိုင်းရင်းသား ဒေသတွေကို ထိုးစစ်တွေ ဆင်နေတယ်။ ကျနော်တို့ဒေသက ပြည်သူတွေ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အတွက်တော့ ဒီဖြစ်ထွန်းမှုတွေက အလုပ် မဖြစ်သေးပါဘူး” ဗိုလ်မှူးချုပ် ဂျော်နီက ဧရာဝတီကို ပြောသည်။

အစိုးရသည် မကြာသေးမီက ရှမ်းပြည်နယ်အခြေစိုက် UWSA ၀တပ်ဖွဲ့၊ NDAA တပ်ဖွဲ့တို့နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ထပ်မံ ယူနိုင်ခဲ့သော်လည်း တခြား တိုင်းရင်းသား အဖွဲ့များနှင့် သဘော တူညှိနှိုင်းနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေးမြို့နယ်တွင် မွန်ပြည်သစ်ပါတီနှင့် အာဏာပိုင်တို့ တွေ့ဆုံခဲ့သော်လည်း သဘော တူညီမှု တစုံတရာ မရရှိခဲ့ပေ။

ဤအတောအတွင်း ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်ရှိ KIA ကချင်လွတ်လပ်ရေးတပ်မတော် စစ်စခန်းများကို အစိုးရ တပ်တို့က ထိုးစစ် ဆင်နေခြင်းမှာ ထိုစခန်းများကို သိမ်းပိုက် လိုခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်ဟု KIA က ယူဆနေသည်။

အစိုးရ၏ လုပ်ရပ်တချို့ကို ကြိုဆိုသော်လည်း တိုင်းရင်းသားဒေသ ပဋိပက္ခများနှင့် ပတ်သက်ပြီး စိုးရိမ်နေရဆဲ ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသား နိုင်ငံရေး သမား ဦးအေးသာအောင်က ပြောသည်။

“၀ တပ်ဖွဲ့နဲ့ အာဏာပိုင်တွေနဲ့ ငြိမ်းချမ်းရေး ယူနိုင်ပြီလို့ ကျနော်တို့ ကြားပါတယ်၊ ဒါပေမယ့် ကချင်ပြည်နယ် ဘက်မှာတော့ ထိုးစစ်တွေ တိုးချဲ့ နေပြန်တာမို့ ဒါက အများကြီး စိုးရိမ်စရာ ကောင်းပါတယ်” ဟု ဦးအေးသာအောင်က ဧရာဝတီ သတင်းဌာနကို ပြောသည်။

“တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံ တည်ဆောက်ဖို့ ဆိုရင် ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ပြည်တွင်းစစ်ကို ရပ်လိုက်မှ ဖြစ်မှာပါ။ တိုင်းရင်းသား တွေရဲ့ အခြေခံ အခွင့်အရေးတွေကို လျစ်လျူရှု နေသမျှတော့ တိုင်းရင်းသား ပေါင်းစုံ နေထိုင်တဲ့ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့