Thursday, October 20, 2011

မင်းကိုနိုင်မွေးနေ့ ရခိုင်နှင့် ချင်းခေါင်းဆောင်များ တက်ရောက်ချီးမြှင့်

10/19/2011

အောက်တိုဘာလ ၁၈ ရက်နေ့က ကျရောက်ခဲ့သော ၄၉ နှစ်မြောက် ကိုမင်းကိုနိုင်မွေးနေ့သို့ တိုင်းရင်းသား ခေါင်းဆောင် များထဲ မှ ရခိုင်နှင့် ချင်းခေါင်းဆောင်များ တက်ရောက် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သူ ဦးအေးသာအောင်က ယခုလို ပြောသည်။

" တက်ရောက်လာတဲ့ သူတွေက အထူးများတော့ တော်တော်နဲ့ ဘယ်တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက် လာတယ် ဆိုတာတော့ မမှတ်မိဘူး။ ရခိုင်က ဆိုရင် ကျနော်ရယ်။ နောက် ၂၀၀၈ ရွှေးကောက်ပွဲ ၀င်တဲ့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးပုဇိုဖမ် ( U Pu Zo Zam ) တို့ တက်ရောက်တာကို တွေ့ရပါတယ်။ နောက်ခေါင်းဆောင်တွေလည်း ရောက်ကောင်း ရောက်နိုင်ပါတယ်" ဟု ပြောသည်။


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

၄၉-နှစ်မြောက် ကိုမင်းကိုနိုင်မွေးနေ့အား ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်း မြို့မကျောင်းတွင် ကျင်းပခဲ့သည်။ လူပေါင်း ၂၀၀၀ ခန့်မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ မွေးနေ့ပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ များမကြာမှီက ထောင်ထဲက လွှတ်မြောက်လာသူ ကိုဇာဂနာတို့လည်း တက်ရောက်ခဲ့သည်။

" အခုလို ခေါင်းဆောင်တွေ စုံစုံညီညီ တက်ရောက်တာကတော့ သွေးစည်းညီညွတ်မူကို ပြတဲ့ သဘောပါ။ ပီးရင် ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေ အမြန်ဆုံး လွှတ်မြောက်ရေး အတွက် လူတိုင်း မျှော်လင့်နေတယ်ဆိုတာကို သိစေ ချင်တဲ့ သဘောပါ။ အဓိက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ လူတိုင်းက လိုလားနေ တယ်။ ဒီလူတွေကို မလွှတ်တဲ့ အတွက် နိုင်ငံရေး အရ ရှေ့ကို တက်လှမ်းမယ့်နေရာမှာ အခက်အခဲ အဖုအထစ် ဖြစ်နေပါတယ်" ဟု ဦးအေးသာအောင်က ပြောသည်။

သို့သော်လည်း ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ အားလုံးကို အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု အများက ယုံကြည်နေကြောင်း ယခုလို ပြောသည်။

" များမကြာမှီက ကျောင်းသားခေါင်းဆောင်တွေကို အစိုးရက လွှတ်ပေးလိမ့်မယ်လို့ လူတိုင်းက ယုံကြည် မျှော်လင့်ထားတယ်။ နောက်တကြိမ်မှာ ကျောင်းသားခေါင်းဆောင်တွေကို လွတ်ပေးမယ်ဆိုတဲ့ သတင်း တွေလည်း ကြားနေရတော့ သူတို့ လွှတ်ပေး ကို လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်မျှော့်လင့်ထားပါတယ်။"

ကိုမင်းကိုနိုင် မွေးနေ့ပွဲ ပြုလုပ်သော မြို့မ ဘုန်းတော်ကြီးကျောင်းတွင် ကိုမင်းကိုနိုင်အတွက် ပြခန်း တစ်ခု ပြုလုပ်ထားပြီး ကိုမင်း ကိုနိုင် မလွှတ်မြောက်သေးသော သင်္ကေတ အဖြစ် သံခြိုင့်တစ်ခုကို သော့ခလောက် ခတ်ကာ ပြသခဲ့သည်ဟု သိရသည်။

ကိုမင်းကိုနိုင် မွေးနေ့တွင် စာအုပ်တိုက်များမှ သိန်း ၇၀ ကျော် တန်ဖိုးရှိသော စာအုပ်များကို လှူဒါန်း ခဲ့ပြီး ကိုမင်းကိုနိုင်မှလည်း ထောင်ထဲက လွှတ်လာသူ နိုင်ငံသား အကျဉ်းသား ၂၁၀ အတွက် မဂ္ဂဇင်း စာအုပ် (၂ )နှင့် ငွေကျပ် ၅၀၀၀ စီ အသီးသီး လှူဒါန်း ခဲ့သည်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့