Friday, October 21, 2011

ပြောချင်လွန်းလို့

မောင်ဝံသ
၁၁.၁၀.၁၁

ယခု အောက်တိုဘာ ၁၆ ရက်ဆိုရင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်ခဲ့တာ ရက်ပေါင်း ၂၀၀ ပြည့်ပြီဗျာ။ ကုန်လွန်ခဲ့တဲ့ ၆လကျော်ကာလအတွင်း ဆောင်ရွက် ပြီးစီးခဲ့တဲ့ ကိစ္စကြီး ကိစ္စငယ်တွေ မနည်းလှဘူးဆိုတာလည်း သတိပြုမိတယ်ဗျ။

သိသာထင်ရှား ဖြစ်ရပ်များ

သိသာ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဒီမိုကရက်တစ် နိုင်ငံရေး အဖွဲ့အစည်းကြီးရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ခေါင်းဆောင်များ ရင်းရင်းနှီးနှီး တွေ့ဆုံကြတာ၊ ပထမဆုံး ဇူလိုင် ၂၅ စိမ်းလဲ့ကန်သာ ဆွေးနွေးပွဲရဲ့ ပူးတွဲ ကြေညာချက်မှာ {{ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကို ဆွေးနွေးခဲ့ကြသည်}} လို့ ဖော်ပြခဲ့တာ၊ ယခုထိ သုံးကြိမ်တိုင် ဆက်လက် ဆွေးနွေးကြတာ၊ ဤကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်က သမ္မတ အိမ်တော်မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ နောက်ခံထားလျက် ရိုက်ကူးထားတဲ့ သမိုင်းဝင်ဓာတ်ပုံ ထွက်ပေါ်လာတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ၊ တွေ့ဆုံမေးမြန်းမှုတွေ၊ နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ဆုံမှုတွေကို ပြည်တွင်း ပုဂ္ဂလိက သတင်း မီဒီယာတွေမှာ အသားပေးထည့်သွင်း ဖော်ပြ ခွင့်ရှိခဲ့တာ စတာတွေ ဖြစ်ပါတယ်။

မြစ်ဆုံနှင့် အပေါင်းလက္ခဏာ

နောက် အရေးကြီးတဲ့ ဖြစ်ပေါ်မှုတစ်ခုကတော့ မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူအလွှာအသီးသီးက စိုးရိမ်တကြီး ပြင်းပြင်း ထန်ထန် ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတဲ့ နောက်ပိုင်း သမ္မတကြီးက ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပြီး ရပ်ဆိုင်းလိုက်ခြင်းပဲ ဖြစ်တယ်ဗျာ။ အဲဒီအတွက် သမ္မတကြီးကို ပြည်သူ့အလွှာ အသီးသီးကပဲ သောင်းသောင်းဖြဖြ ဂုဏ်ပြု ခဲ့ကြပါတယ်။ သမ္မတကြီး နောက်က ပြည်သူတွေ ရှိတယ်ဆိုတဲ့ ထောက်ခံမှုမျိုးကို ထုတ်ဖော်ခဲ့ကြတဲ့ အထိပဲဗျ။

အစိုးရသစ်ရဲ့ ရက်ပေါင်း ၂၀၀ ကာလအတွင်း အထက်ဖော်ပြပါ ဖြစ်ပေါ်မှုတွေဟာ တိုင်းပြည်အတွက် အပေါင်း လက္ခဏာတွေပဲ ဖြစ်တယ်ဗျ။

ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ် နိုင်ငံရေး အင်အားကြီး တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်တယ်။ ပြည်သူ လူထုအများရဲ့ လေးစား အားပေးမှုကို ခံယူရရှိ ထားသူဖြစ်တယ်။ နိုင်ငံတကာ အဆင့်အတန်း အားဖြင့်လည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိခဲ့သူဖြစ်တယ်။ သူလို နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်နဲ့ လက်ရှိအစိုးရ အဖွဲ့ခေါင်းဆောင်၊ နိုင်ငံရဲ့ အကြီးအကဲ ဖြစ်သူတို့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ခဲ့ခြင်း၊ တိုင်းပြည် အကျိုးရှိမယ့် ကိစ္စရပ်တွေမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန် ကြေညာခြင်းတို့ဟာ အမျိုးသား စည်းလုံး ညီညွတ်ရေး ကြိုးပမ်းမှုရဲ့ လမ်းစပဲလို့ မျှော်လင့် နိုင်ပါတယ်။

ပြည်နယ်အချို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ဖြစ်ပွားနေတဲ့ စိတ်မချမ်းမြေ့ဖွယ် အငြင်းပွားမှု တွေကို ပြည်ထောင်စု မိသားစုဝင် ညီအစ်ကို မောင်နှမချင်း ဖြေရှင်းနည်းနဲ့ ဖြေရှင်း သွားကြရပါဦးမယ်။ တိုင်းရင်းသား ညီအစ်ကိုများနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပါဝင် ကူညီ လိုပါတယ်လို့ သမ္မတကြီးကို တင်ပြ ထားတာလည်း ရှိပါတယ်။

တိုင်းရင်းသားများရဲ့ ယုံကြည်မှု

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပေါ် သူတို့ခေတ် တိုင်းရင်းသားခေါင်းဆောင်တွေက ယုံကြည် ကိုးစားမှု ရှိခဲ့သလို ယနေ့ခေတ် တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည် ကိုးစားကြောင်းကို ထုတ်ပြန် ကြေညာ ထားကြပါတယ်။ အချို့သော သပ်လျှို လိုသူများကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရတို့ ဆွေးနွေး နေကြတာဟာ ဗမာချင်းချင်း ပြဿနာကို ကြိတ်ပြီး ဖြေရှင်းနေကြတာပဲ ဖြစ်တယ်၊ တိုင်းရင်းသားတွေ ကိုတော့ စစ်တိုက်နေ တယ်စသည်ဖြင့် အထင်အမြင် လွဲမှားစရာများကို ပြောဆို ရေးသားလာကြတာ တွေ့ရတယ်ဗျ။ သည်ပြဿနာကို အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တိုင်းရင်း သားများနဲ့ပါ နိုင်ငံရေးအရ သဘောတူညီချက်များ အရသည်အထိ တွေ့ဆုံဆွေးနွေး ကြဖို့ပဲ ဖြစ်ပေ လိမ့်မယ်ဗျာ။

လွတ်ငြိမ်းခွင့် ကြေညာမည့်သတင်း

ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများကို လွှတ်ပေး တော့မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တဲ့ သတင်းဟာလည်း အစိုးရသစ် သက်တမ်း ၆ လတာအတွင်း လူသာဓုခေါ် နတ်သာဓု ခေါ်စရာပါပဲဗျ။ ဤဆောင်းပါး ပုံနှိပ်ဖော်ပြတဲ့ အချိန်မှာတောင် လွတ်ငြိမ်းခွင့်တွေ ရကောင်း ရပြီး ဖြစ်နိုင်ပါတယ်။

နိုင်ငံရေး ဖြစ်နိုင်ခြေများ

ယခု အရှိန်အဟုန်အတိုင်း ဆက်သွားနေရင်ဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်နိုင်ခြေများ (political scenarios) ဟာ အလွန် အလားအလာ ကောင်းနေပြီလို့ ပြောနိုင်တော့မှာ ဖြစ်တယ်ဗျ။ နောက်ထပ် ရက်ပေါင်း ၁၀၀ အတွင်းမှာ အောက်ပါဖြစ်နိုင်ခြေ ရှုခင်းများကို မျှော်မှန်း နိုင်ပါလိမ့်မယ်။

၁။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမှုများမှ တိုင်းပြည် အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီချက်များကို ပူးတွဲ ကြေညာ နိုင်ဖွယ် ရှိပါတယ်။

၂။ ယခု မှတ်ပုံမတင်ရသေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ဖက် ကျေနပ်လက်ခံတဲ့ သဘော တူညီချက်များဖြင့် တရားဝင် နိုင်ငံရေး ပါတီအဖြစ်သို့ ရောက်လာပါမယ်။ ကြားဖြတ် ရွေးကောက်ပွဲများမှာ အဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းများ ပါဝင် အရွေးခံကြဖွယ် ရှိပါတယ်။

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်အချို့ဟာ အာဏာနှင့် မသက်ဆိုင်သော တိုင်းပြည် အကျိုးပြု လုပ်ပိုင်ခွင့် ရှိသည့် အပ်နှင်း တာဝန်များကို လက်ခံပြီး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် လာကြဖွယ် ရှိပါတယ်။

၎။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများ ရပ်ဆိုင်းလျက် နိုင်ငံရေးအရ ဖြေရှင်းနိုင်သည့် သဘော တူညီချက်များ ရရှိနိုင်ပါတယ်။

၅။ လွတ်ငြိမ်းခွင့်ရ ယုံကြည်ချက်အကျဉ်းသားဟောင်းများမှ ၈၈ မျိုးဆက်များ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှု စာမျက်နှာ သစ်များကို တွေ့မြင် လာရနိုင်ပါတယ်။

၆။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူထားမှု အချို့ ပြန်လည် ရုပ်သိမ်းမည့် ခြေလှမ်းများ သိသာ ထင်ရှားစွာ ပေါ်ပေါက် လာနိုင်ပါတယ်။

၇။ ပြည်ပဖိအား တစ်စုံတရာကို အကြောင်းပြု၍ ပြည်ထောင်စု တိုင်းရင်းသားများ ပိုမို၍ ကျစ်လစ် ခိုင်မာသော စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်ကြဖွယ် ရှိပါတယ်။ သမိုင်းမှာ မကြုံဖူးသော အမျိုးသား ညီညွတ်မှု စံချိန်တစ်ခု တင်နိုင် ပါလိမ့်မယ်။

အချက်အလက်ကို အခြေခံပါတယ်

အထက်ပါ ဖြစ်နိုင်ခြေရှုခင်းများဟာ ကျွန်တော်ရဲ့ အတ္တနောမတိ လိုရာဆွဲ တွေးခေါ်မှု၊ ထင်ယောင် ထင်မှား ဖြစ်မှုဖြင့် တင်ပြခြင်း မဟုတ်ပါ။ ထင်သာမြင်သာ အချက်အလက်များကို အခြေခံပြီး ဆင်ခြင် တွက်ဆထားခြင်း သာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားများ မှာတော့ နိုင်ငံရေး ဆောင်းပါးရှင်ကြီး များဟာ ယခုလို နိုင်ငံရေး အကဲဖြတ် တွက်ဆချက်တွေကို အခါအားလျော်စွာ ထုတ်ပြန်လေ့ ရှိပါတယ်။ မှန်တာလည်းရှိ၊ လွဲတာလည်း ရှိပေါ့ဗျာ။ ကျွန်တော်လည်း သမ္မတကြီး ဦးသိန်းစိန် အစိုးရ ရက်ပေါင်း ၁၀၀ ပြည့်ချိန်က တစ်ကြိမ် နိုင်ငံရေး သုံးသပ်ချက် အချို့ကို ရေးသားခဲ့ပြီး ယခု ရက်ပေါင်း ၂၀၀ ပြည့်ချိန်မှာ ထပ်မံ လေ့လာ ဆန်းစစ်မိသမျှကို စမ်းသပ် တင်ပြလိုက်ခြင်း ဖြစ်ကြောင်းပါ။

0 comments:

အပေါ်သို့