Friday, October 21, 2011

မြန်မာ့သတ္တုတွင်းဝန်ကြီးဌာန၏ ဧရာဝတီကာကွယ်ရေးတောင်းဆို မှုများကို လျစ်လျူရှု၍ မြစ်ဆုံဒေသအတွင်း ရွှေတူးဖော်မှုများ လုပ်ဆောင်

ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် အဖွဲ့၏ ထုတ်ပြန်ကြေညာချက်
အရေးပေါ် ထုတ်ပြန်ကြေညာချက်
အောက်တိုဘာ ၂၁ ရက် ၂၀၁၁ ခုနှစ်။

မြန်မာ့သတ္တုတွင်းဝန်ကြီးဌာနသည် ပြည်သူလူထုများ၏ ဧရာဝတီကာကွယ်ရေး တောင်းဆို မှုများကို လျစ်လျူရှု၍ မြစ်ဆုံ ဒေသအတွင်း ရွှေတူးဖော်မှုများ လုပ်ဆောင်နေသည်။



မြန်မာနိုင်ငံ သမ္မတကြီးသည် "ပြည်သူလူထုဆန္ဒ" ကြောင့်ဟုဆိုကာ မြစ်ဆုံဆည်ကို ဆိုင်းငံ့တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် အာဏာ ပိုင်များသည် ဆည်စီမံကိန်း ဒေသ၌ ကြီးမား ကျယ်ပြန့်သည့် အစိုးရပိုင် ရွှေတူးဖော်ရေး လုပ်ဆောင်ရန် အတွက် ဒေသခံ ပြည်သူများကို အတင်းအကြပ် နေရာပြောင်းရွှေ့ရန် အမိန့် ပေးခဲ့ကြသည်။

ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့သည် မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန် ထားသည့် အမိန့်များနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ရရှိထားပြီဖြစ်သည်။ အာဏာပိုင်များ ထုတ်ပြန်ထားသည့် အမိန့်အရ မြစ်ဆုံဒေသတွင် တည်ရှိသော တန်ဖရဲ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၊ ပုဂ္ဂလိက တူးဖော်ရေး လုပ်သူများနှင့် ဆိုင်ပိုင်ရှင် များကို ၅ ရက်အတွင်း နေရာမှ အပြီး ရွှေ့ပေးရမည်ဖြစ်ပြီး အကယ်၍ နေရာမှ မပြောင်းရွှေ့ပေးလျှင် "တည်ဆဲ ဥပေဒအရ ထိရောက်စွာ အရေးယူသွားမည်" ဖြစ်သည်။



သတ္တုတူးဖော်ရေးဝန်ကြီးဌာန အမှတ် ၂ နှင့် ခါကာဘိုသတ္တုတူးဖော်ရေး ကုမ္ပဏီတို့၏ အကျိုးတူ ဖက်စပ် လုပ်ငန်းမှ မြစ်ကမ်းများကို ဖောက်ခွဲ တူးဖော်ရန်၊ မြေများတူး ဖော်ရန်နှင့် ဧရာဝတီမြစ် အတွင်း အဖိုးတန် ရွှေများ ရှာဖွေနိုင်ရန် အတွက် ထိုအမိန့်မှ လမ်းကြောင်းများ ရှင်းလင်းပေးသည်။ အမိန့်အရ ထိုမြစ်ဆုံ ဒေသအတွင်း၌် တရားဝင် တူးဖော်ရန် ခွင့်ပြုထားသည့် ခါကာဘို ကုမ္ပဏီသာ လုပ်ပိုင်ခွင့်ရှိသည်။

အများအားဖြင့် ပြဒါးနှင့် ဆိုင်ယာနိုဒ် (cyanide) ကို အသုံးပြု၍ စည်းကမ်းမဲ့ ရွှေတူးဖော်ခြင်းသည် ကချင် ပြည်နယ်ရှိ မြစ်များနှင့် မြေယာများကို နှစ်ပေါင်းများစွာ ကတည်းက ဖျက်စီးခဲ့သည်။ ထို့သို့ လုပ်ဆောင်မှုကြောင့် ကချင်ပြည်နယ် အတွင်း စိုးရိမ်ဖွယ် မြစ်ကြောင်း ပြောင်းလဲမှုများနှင့် အဆိပ် ပြန့်ပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မြစ်ဆုံဒေသရှိ စီမံကိန်းများ လုပ်ဆောင်ခြင်းသည် မြစ်ဆုံဒေသ၏ အလှတရားများကို ဖျက်စီးနေသည့် အပြင် ဧရာဝတီမြစ်ကြောင်း စနစ်ကို တိုက်ရိုက် ထိခိုက် ညစ်ညမ်းစေပြီး မြစ်အောက်ပိုင်း ဒေသတွင်း နေထိုင်ကြသော လူမှု ပတ်ဝန်းကျင်များကိုလည်း ဆိုးကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။

"တဖက်မှာ အစိုးရက ဧရာဝတီကို ချစ်တယ်လို့ ပြောတယ်နေပေမယ့် တဖက်မှာတော့ ဧရာဝတီ မြစ်ကြီး မြစ်ဖျားခံတဲ့ နေရာမှာ မြစ်ကို အဆိပ် သင့်အောင် လုပ်နေပါတယ်" ဟု ကချင်လူမှုဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်အဖွဲ့မှ အနန်မှ ပြောည်။

မြစ်ဆုံဒေသရှိ Tang Hpre ရွာမှ ပြည်သူများသည် ဧရာဝတီမြစ်နှင့် ၄င်း၏ မြစ်လက်တက် များပေါ်တွင် ကြီးမားသည် ဆည်များ တည်ဆောက်ရေး စီမံကိန်းကို ၂၀၀၆ ခုနှစ်၌ စတင် ကြေညာချိန်မှ စ၍ မြစ်ဆုံဒေသအား ဖျက်စီးနေမှု အပေါ် ကန့်ကွက် ခုခံခဲ့ကြသည်။

ဆည်စီမံကိန်းများကို ဆန့်ကျင်အံတုခဲ့ကြသည့် ဒေသခံ ပြည်သူများ၏ ကြိုးပမ်း အားထုတ် မှုများကို "ရေဖုံးလွှမ်းမှုကို ခုခံ တွန်းလှန်ခြင်း"ဆိုသည့် အစီရင်ခံစာတွင် မှတ်တမ်းတင်ပြု စုထား ပါသည်။ ထိုအစီရင်ခံစာကို www.kdng.org တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

0 comments:

အပေါ်သို့