Friday, October 21, 2011

ရာခိုင်နှုန်းပြည့်ထောက်ခံပါရစေ

မောင်ဝံသ
၁၃.၁၀.၁၁

ပြည်သူချစ် အနုပညာရှင် ဇာဂနာ မြစ်ကြီးနားထောင်က လွတ်လာပြီး လွတ်ငြိမ်းခွင့်နဲ့ စပ်လျဉ်းလို့ သူ့အမြင် သူ့သဘောထားတွေကို မီဒီယာတွေနဲ့ ပြောတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို လိုရင်းတိုရှင်း ပြောသွားတယ်လို့ ကျွန်တော် သဘောရပါတယ်။

ထောင်က ခုလေးတင် ထွက်လာတဲ့ အနုပညာရှင်တစ်ယောက် ကတောင် သူ့သဘောထားကို ခုလို ပွင့်ပွင့်လင်းလင်း တင်ပြသွားရင် စာဖတ် ပရိသတ်နဲ့ အပတ်စဉ် ထိတွေ့နေတဲ့ စတုတ္ထမဏ္ဍိုင် အဖွဲ့ဝင် သတင်းစာဆရာ တစ်ယောက်အနေနဲ့ ကျွန်တော့်အမြင် ကျွန်တော့် ဆန္ဒကိုလည်း ပရိသတ်ကို အသိပေးသင့် တယ်လို့ ခံယူမိတဲ့ အလျောက် ယခုလို ရေးသား လိုက်ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ နေ့ထူးနေ့မြတ် ( ၁၂ အောက်တိုဘာ ၂၀၁၁) မှာ မြန်မာပြည် အနှံ့ ထောင်တွေထဲက အကျဉ်းသား ၆၀၀၀ ကျော် (၆၃၅၉ ဦး) ကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၉^ ၂၀၁၁ အရ လွှတ်ပေးတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (နိုင်ငံရေး အကျဉ်းသား)များထဲက ဦးရေ ၁၀၀ ကျော်လောက်ပဲ ပါတယ်လို့ သိရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (နိုင်ငံရေး အကျဉ်းသား) များဆိုတာ ကျွန်တော်တို့က ခေါ်ဝေါ်သုံးနှုန်းတာပါ။ တရားဝင် ကြေညာချက်မှာ အကျဉ်းသားများလို့ပဲ ပါရှိပါတယ်။

ဒီနေရာမှာ {{ စကားနောက် တရားပါ }}ဆိုတဲ့ မြန်မာဆိုရိုးစကား အတိုင်းဆိုရင် အခေါ်အဝေါ် အသုံးအနှုန်းတွေရဲ့ နောက်ကွယ်မှာ သဘောထား ခံယူချက်တွေ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

၁၉၈၈ တိုင်းဆူပြည်ဖျက် ဆူပူမှုများလို့ သုံးနှုန်းသူရဲ့ ခံယူချက်ဟာ ၁၉၈၈ မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုများ အပေါ် ရန်လိုတဲ့ သဘောထား ဆိုတာ ပေါ်လွင် နေတာပါပဲ။ မလွှဲသာလို့သာ နောင်အခါ ထုတ်ဖော် ပြောဆို ရေးသားခြင်း မပြုဘဲ မျိုချထားရသည့် တိုင်အောင် အဲဒီသဘောထား ရှိသူဟာ ဒီမိုကရေစီစနစ်ကို ဟန်ဆောင် ပန်ဆောင်တောင် လက်မခံရုံသာမက ဒီမိုကရေစီ လှုပ်ရှားသူများ အပေါ် အခဲမကျေနိုင်ဘဲ အာဃာတ ကြီးမားနေမည်သာ ဖြစ်ပါတယ်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်ကြေညာတဲ့နေ့ မတိုင်ခင် တစ်ရက် အလိုမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာကို အစိုးရ သတင်းစာတွေမှာ ဖော်ပြ ခဲ့ပါတယ်။ အဲဒီပေးစာထဲမှာ (ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အချို့ နိုင်ငံတို့၏ မျှော်လင့် တောင့်တချက် တစ်ရပ်ဖြစ်သော) ''ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူများ (prisoners of conscience) အား လွှတ်ပေးရေးကိစ္စ ''လို့ ဆိုပေမယ့် ထိုအကျဉ်းကျ ခံနေရသူများမှာ တည်ဆဲ ဥပဒေများကို ချိုးဖောက် သဖြင့် အပြစ်ဒဏ် ကျခံနေရခြင်း ဖြစ်သည်ဟူသော နိုင်ငံတော် အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်က သဘောပေါက်ကြောင်း ဖော်ပြ ပါရှိပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အမိန့်ကို သေချာဖတ်ကြည့်ရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ သို့မဟုတ် အမျိုးသား စည်းလုံး ညီညွတ်ရေး အတွက် လုပ်ဆောင်ချက် တစ်ရပ် အနေနဲ့ လွတ်ငြိမ်းခွင့် ပေးတယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။ အမိန့်စာထဲမှာ တရားဝင် ဖော်ပြထား ချက်များအရဆိုရင် အကျဉ်းသားတွေကို ယနေ့ လွှတ်လိုက်ခြင်းဟာ လူသားချင်း စာနာ ထောက်ထားမှု၊ သနားချစ်ခင်မှုကို အလေးထားခြင်းနဲ့ နိုင်ငံတော်ရဲ့ မေတ္တာ စေတနာအလျောက် ဆောင်ရွက်ချက် ဖြစ်တယ်လို့ နားလည်ရပါတယ်။

သို့ပေမယ့် ဇာဂနာကဲ့သို့သော အကျဉ်းသားများကို ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ၊ နိုင်ငံရေး အကျဉ်းသား အဖြစ် လက်မခံ လိုသူများ၊ အဲသလို ခေါ်ဝေါ်သုံးနှုန်းခြင်းပင် မပြုလို သူများကို ဒီအချိန်မှာ အခြေအတင် ငြင်းခုံ မနေတော့ပါဘူး။ စိတ်ချမ်းသာသလို ခေါ်ကြပါစေတော့။ ကြောင်ဖြူတာ မည်းတာ ပြဿနာမဟုတ်၊ ကြွက်ခုတ်ဖို့က အဓိက ဆိုသဟာလိုပဲ ကျန်ရှိနေသေးသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်သက်ထွေး၊ ကိုဂျင်မီ၊ မမီးမီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များအားလုံး၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အစရှိသော တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးကို တစ်ဆက်တည်း ဆက်လက် လွှတ်ပေးသင့်ပါတယ် လို့ပဲ ကျွန်တော့်ရဲ့ သဘောထားအမြင်ကို တင်ပြလိုပါတယ်။

ယခု ထုတ်ပြန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဟာ တပ်မတော် သား ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက အဆိုပြု ဆွေးနွေး ဆုံးဖြတ်ကြပြီး နိုင်ငံတော် သမ္မတကြီးထံ ထောက်ခံတင်ပြ ခဲ့ကြရာမှ ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ သိထားပါတယ်။ ဒါကြောင့် သည်တစ်ခါတော့ အားလုံး လွတ်ငြိမ်းခွင့် ရကြပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ တက်ညီလက်ညီ ပူးပေါင်း ပါဝင်နိုင်ကြတော့မယ်လို့ မျှော်လင့်ထားတာပါ။ အဲသလို မဟုတ်ဘဲ သူတို့တွေ အားလုံး လွတ်ငြိမ်း ခွင့်မရဘူး၊ ကျန်သူတွေကျန်၊ ချန်သူတွေကို ချန်ထားဦးမယ် ဆိုရင်ဖြင့် ယခု နိုင်ငံတော် သမ္မတရုံး အမိန့် အမှတ် ၄၉ /၂၀၁၁ အကောင်အထည် ဖော်မှုကို ကျွန်တော့် အနေဖြင့် ၅၀ ရာခိုင်နှုန်းပဲ ထောက်ခံ နိုင်ပါဦးမယ်။ ကျွန်တော့် ဆန္ဒ အမှန်ကတော့ ရာခိုင်နှုန်းပြည့် ထောက်ခံချင်နေကြောင်း ပါဗျာ။

နောက်ဆုံးတစ်ခု ပြောချင်တာတစ်ခု ရှိပါသေးတယ်။ ၁၂ အောက်တိုဘာ ၂၀၁၁ နေ့မှာ လွတ်ငြိမ်းခွင့်ရလို့ အကျဉ်းထောင် အသီးသီးက ထွက်လာကြတဲ့ လွတ်လူများရဲ့ သတင်းကို ၁၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများမှာ လုံးဝ မတွေ့ရှိရတဲ့ အတွက် ကျွန်တော့်စိတ်ထဲ လေးလံ နေမိပါတယ်။ ဘာကြောင့်မှန်းတော့ မသိပါ။ ကျွန်တော် စိတ်လေး နေတာကတော့ လေးနေတာပါပဲ ခင်ဗျာ။


0 comments:

အပေါ်သို့