Thursday, October 20, 2011

လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးဖြေရှင်းရန် ကင်တားနားတောင်းဆို

October 20, 2011

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ကို လက်ခံ၍ ကိုင်တွယ် ဖြေရှင်းပေးပါရန် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ် အိုဟေး ကင်တားနားက သမ္မတဦးသိန်းစိန် အစိုးရထံ တောင်းဆို လိုက်သည်။

မစ္စတာ ကင်တားနားက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းသော အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများ ဖြေရင်းပေးရန် မြန်မာအစိုးရအား တောင်းဆိုစာကို ထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်သည်။


၎င်း၏ အစီအရင်ခံစာ၌ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူနည်းစုများနှင့် ဗုဒ္ဓဘာသာမဟုတ်သော တခြားဘာသာဝင်များအား ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်းများ ရှိနေသေးကြောင်း၊ လွတ်လပ်၍ မျှတမှု မရှိသည့် တရားစီရေးစနစ်ကို ဆက်လက် လက်ကိုင်ထားနေဆဲ ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း၊ အကျဉ်းသား များအား စစ်ကျောရာတွင် ညှဉ်းပမ်းနှိပ်စက်မှုများ ရှိနေသေးကြောင်းနှင့် အဓမ္မလုပ်အားပေးခိုင်စေခြင်းများ၊ အကျဉ်းသားများကို ပေါ်တာ အဖြစ် အသုံးချခြင်း သို့မဟုတ် လူသားဒိုင်းများ အဖြစ် စစ်မြေပြင်များ၌ အသုံးပြုနေခြင်းများ ရှိနေသေးကြောင်း၊ အဆိုပါ အခြေ အနေများကို သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းစေချင်ကြောင်း ရေးသားထားသည်။

တချိန်တည်းတွင် မြန်မာအစိုးရသစ်သည် လူ့အခွင့်အရေး အခြေအနေများကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ကြိုးပမ်း ဆောင် ရွက် လျှက်ရှိပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ပိုမို၍ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း လည်း မစ္စတာကင်တားနားက ပြောဆိုထားသည်။

မစ္စတာ ကင်တားနားသည် သြဂုတ်လအတွင်းက မြန်မာပြည်တွင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရခေါင်းဆောင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံတချို့နှင့် တွေ့ဆုံခဲ့သည်။ ၎င်း မြန်မာပြည်သို့ သွားရောက်စဉ်က နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ မကြာခင်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လည် လွတ်မြောက်လာခြင်းကို ၎င်းအနေဖြင့် ကြိုဆိုကြောင်း၊ သို့ရာတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား နိုဝင်ဘာတွင် ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးရန်မျှော်လင့်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီလို နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတာဟာ ဒီမိုကရေစီစနစ်ကို ဦးတည်သွားနေတဲ့ မြန်မာအစိုးရသစ်ရဲ့ လတ်တ လော ဖြစ်စဉ်တွေအတွက် ပိုမို အကျိုးရှိစေမယ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက်လည်း မရှိမဖြစ် လုပ်ရမယ့် ခြေ လှမ်း တရပ်လည်း ဖြစ်ပါတယ်” ဟု မစ္စတာ ကင်တားနားက ၎င်း၏ အစီအရင်ခံစာတွင် ထည့်သွင်း ပြောဆိုထားသည်။

မစ္စတာ ကင်တားနားက မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများအပေါ် ကန့်သတ်ထားသည်များကို ရုတ်သိမ်း ပေးရန်နှင့် ရွေးကောက်ပွဲ ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် အပါအဝင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များ၏ မှတ်ပုံ တင်ကြေး မြင့်မားနေသည်ကို လျှော့ချပေးရန်အတွက်လည်း တောင်းဆိုထားသည်။

မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်တရပ် ဖွဲ့စည်းခဲ့သည်ကို မစ္စတာကင်တားနားက ကြိုဆိုသော်လည်း ထိုကော်မရှင် အနေဖြင့် မည်သို့လုပ်ဆောင်မည်၊ ၎င်းကော်မရှင်၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်တို့ မည်မျှအထိ ရှိနိုင်မည် ဆိုသည့်အချက် ကိုမူ မေးခွန်းထုတ်ထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့