Thursday, May 10, 2012

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကွင်းဆင်းလေ့လာ၍ ဈေးခွန်လျော့ကျ

မိုးဝေ- မြစ်မခ(ရခိုင်ပြည်နယ်)
10 May, 2012

ပုဂ္ဂလိမှလေလံစနစ်ဖြင့်တာဝန်ယူထားသော ဈေးအခွန်ကိစ္စအား မေလ(၈)ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ကွင်းဆင်းလေ့လာကာ ဈေးအခွန်ခများ အား လျော့ချကောက်ခံလိုက်ကြောင်း သိရသည်။

စစ်တွေမြို့ရှိဈေးအချို့တွင် သတ်မှတ်ထားသည့်နှုန်းထားထက် ဈေးအခွန်ကောက်ခံနေသဖြင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဈေးသူများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အိမ်သို့ သွားရောက်၍ ဈေးနှုန်းလျော့ပေးရန် တောင်းဆိုခဲ့ရာတွင် ယခုကဲ့သို့ လိုက်လျောခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့ နာဇီဈေးတွင် ဈေးကောက်ခံသူများက သတ်မှတ်ထားသည့်ဈေးနှုန်းထက် ဈေးပိုကောက်ခံသဖြင့် ဈေးသူဈေးသား များသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် မြို့နယ်စည်ပင်ဌာနသို့သွားရောက်ခဲ့ကြရာ မေလ(၈)ရက်နေ့က စ၍ ဈေးနှုန်း များအား လျော့ချလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ကြားမိသလောက်တော့ နာဇီဈေးမှာ ဈေးကောက်တဲ့သူတွေက ငါးရာကောက်ခံရမယ့်ဟာကို ကျပ်တစ်ထောင် လောက် ကောက်ခံနေ တယ်၊ ဒါကိုဈေးသူဈေးသားတွေက မကျေနပ်တာကြောင့် ၀န်ကြီးချုပ် ဆီ သွားပြီး ဈေးလျော့ပေးဖို့ အတွက် တောင်း ဆိုကြတယ်၊ မနေ့က ဘဲ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ဈေးကို ဆင်းပြီး အခွန်ခတွေ လျော့ကောက်ခံနေပါပြီ’’ ဟုရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဈေးအခွန်များအား ပုဂ္ဂလိ လေလံအောင်သူများက ကောက်ခဲ့ရာ သတ်မှတ်ထားသည့် နှုန်းထားထက် များပြားနေသဖြင့် မေလ(၈)ရက်နေ့မှစတင်ကာမြို့ နယ်စည်ပင်သာယာရေး ၀န်ထမ်းများက ဈေးအခွန်အခအား ယခင်နှုန်းထား အတိုင်းကောက်ခံနေကြောင်း သိရသည်။

“လောလောဆယ်တော့ မြို့နယ်စည်ပင်ဝန်ထမ်းတွေကဘဲ ပုံမှန်ဈေးအတိုင်း ကောက်ခံနေပါပြီ၊ လေလံဆွဲတဲ့ အဖွဲ့ကိုတော့ ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကျနော်တို့မသိရသေးဘူး၊ ပြည်နယ်ဝန်ကြီးချုပ်ပြောတာတစ်ခုရှိ တယ်၊ ဈေးခွန်ကို သတ်မှတ်ထားတဲ့ အတိုင်းအပိုကောက်ခံတာတွေ့ရင် အဲဒီအဖွဲ့ကို ရပ် ဆိုင်းပစ်မယ်ဆိုတဲ့ ပြောထားတာ တွေရှိတယ် ။

နောက်ထပ်ကြားမိတာကတော့ တခြားဈေးက ဈေးသူတွေလဲ ၀န်ကြီးချုပ်ဆီ တိုင်မယ်ဆိုပြီး သတင်းထွက်လာတာရှိတယ်” ဟု၎င်းက ပြောသည်။

စစ်တွေမြို့တွင် မြို့မဈေးပင်သာယာဈေး၊ နာဇီဈေး၊ မင်းဂံဈေး ၊မေယုစသည့်ဈေးကြီးများရှိပြီး ဈေးအခွန်အခ များအား လေလံ စနစ်ဖြင့်ပုဂ္ဂလိကအဖွဲ့များက ကိုင်တွယ်နေခြင်းဖြစ်သည်။

ဈေးကောက်များက သတ်မှတ်ထားသည့် နှုန်းထားကိုကျော်လွန်၍ ကောက်ခံနေသည်ကို ဈေးသူဈေးသား များက တိုင်စာဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သို့ပို့ဆောင်၍ ၀န်ကြီးချုပ်နေအိမ်သို့ချီတက် ဆန္ဒြုပခဲ့ခြင်း ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့