Thursday, May 10, 2012

ဆန္ဒမဲပြားများတွင် ဖယောင်းသုတ်ထားသည့် ကိစ္စအား NLD ပါတီမှ ရှင်းလင်းပြောကြား

ယမင်း (မြစ်မခ)
9 May, 2012

၂၀၁၂ခုနှစ် မေလ (၉) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်းသုတ်ထားသည်ဟု NLD ပါတီက က စွပ်စွဲပြောဆိုမှုကို ရွေးကောက်ပွဲ ကော်မရှင်က ဖော်ထုတ်စစ်ဆေးရာတွင် ဖြစ်စဉ်မှန် ကန်မှုမရှိကြောင်း အစိုးရပိုင် သတင်းစာများတွင် သတင်းထုတ်ပြန်ကြောငြာခဲ့ပြီး၊ NLD ပါတီဘက်ကလည်း တရားမျှတသောရွေးကောက် ပွဲဖြစ်စေရန် ဖယောင်းသုတ်ခြင်းကိစ္စအား အလျင်အမြန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး NLD ပါတီ ဦးဥာဏ်ဝင်းက ၄င်းတို့ပါတီအနေဖြင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဆန္ဒမဲ လက်မှတ်တွင်ဖယောင်းသုတ်ခြင်းကိစ္စအား ရွေးကောက်ပွဲနေ့၊ဧပြီလ ၁ရက်နေ့တွင် အလျင်အမြန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း မြစ်မခ မီဒီယာသို့ ပြောဆိုခဲ့ သည်။

“စုံစမ်းမှုတွေမှာ စက္ကူညံ့ဖျင်းလို့ ရေးခြစ်လို့မရတာတွေ ရှိတယ်လို့ ပြောတဲ့အတွက် ကျွှန်တော်တို့ရဲ့ တင်ပြချက် က အဓိပ္ပါယ်ရှိတဲ့ တင်ပြချက်ဖြစ်ပါတယ်။ ဖယောင်းသုတ်ထားတယ်လို့ ပြောတဲ့သူတွေ စာရင်းနဲ့ ကန့်ကွက်လွှာ ကို တင်ထားပါတယ်။ နောင်မှသိခဲ့ရင် ဘာမှလုပ်လို့ မရတော့ဘူးလေ။ဒါ့ကြောင့် ရွေးကောက်ပွဲနေ့မှာပဲ ဒီကိစ္စကို အလျင်အမြန်တင်ပြခဲ့ခြင်း ဖြစ်ပါတယ်” ဟု Campaign မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲနေ့ ဧပြီ ၁ရက်နေ့ကတစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် ဆန္ဒမဲပြားများပေါ်တွင် ဖယောင်းသုတ်ထားခြင်း ကိစ္စရပ်များ ဖြစ်ပေါ်လျှက် ရှိနေကြောင်းနှင့်ယင်းကိစ္စရပ်များအား အရေးယူပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်း ရေးမှူးက စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ“တိုင်ကြားခံရသည့်မြို့နယ်(၁၀)မြို့နယ်တွင် ဆန္ဒမဲလက်မှတ်များကို စစ်ဆေးရာတွင် ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ ယခုကဲ့သို့ မမှန်မကန်စွပ်စွဲပြောဆိုမှု များကြောင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ ဂုဏ်သိက္ခာကျဆင်းစေနိုင်သဖြင့် မမှန်မကန်တိုင်ကြား သူအား ဥပဒေအရအရေးယူသင့်ကြောင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့်နိုင်ငံရေး ပါတီအချို့မှသုံးသပ်တင်ပြလာမှုများရှိ ကြောင်း ၂၀၁၂ခုနှစ် မေလ(၉) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။

`အရေးယူမယ်ဆိုရင်လည်း ကျနော်တို့ ဘက်က ဘာမှ ပြောစရာမရှိပါဘူး `ဟုအမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အဖွဲ့အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊တောင်တွင်းကြီး၊ ကော့မှုး၊ မင်္ဂလာ တောင်ညွန့်၊ မရမ်းကုန်း၊ဒဂုံဆိပ်ကမ်း နှင့် ကလော(အောင်ပန်း) မြို့တို့အစရှိသည့် (၁၀)မြို့နယ်တွင်ဆန္ဒမဲလက် မှတ်ပေါ်၌ဖယောင်း သုတ်ခြင်းကိစ္စရပ်များဖြစ်ပေါ်ခဲ့သည်ဟု NLD ပါတီက ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့စာရေးသားပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာထဲတွင် ဖော်ပြထားသည်။

“ကျွှန်တော့်အမြင်ပြောရမယ်ဆိုရင် အဲ့ဒီဖယောင်းကိစ္စကြောင့် နိုင်နေတယ့်လူကရှုံးလာနိုင်မလား၊ ရှုံးနေတဲ့ လူကကော နိုင်လာနိုင်မလား မဲအရေအတွက် ပြောင်းပြန်မဖြစ်နိုင်တဲ့ကိစ္စက လူထုကိုအနှောင့်အယှက်ဖြစ်စေတာပဲရှိပါတယ်၊ အခုကိစ္စကို သင်ခန်းစာယူပြီးတော့ နောင်လာမယ့်ရွေးကောက်ပွဲအတွက် ဒီစက္ကူကိုလုပ်မဲ့သူ က သူကိုယ်တိုင်စစ်ဆေးပြီး ဒီလိုဖယောင်းကိစ္စမျိုးတွေ မဖြစ်ပေါ်အောင် ပြင်ဆင်သင့်တယ်လို့ပဲမြင်ပါတယ် ” ဟု ကြားဖြတ် ရွေး ကောက် ပွဲ၌ ကော့မှုးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ကဒေါက်တာစိုးမင်းက သုံးသပ်ပြောသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့