Thursday, May 10, 2012

High-Art Com.Ltd(ဆံပင်တုစက်ရုံ) မှ အလုပ်သမား ၅၀၀ ကျော်မှာ အခြေခံလစာငွေ အတွက် ဆန္ဒပြခဲ့ကြ

ရှုမ၀အောင်(မြစ်မခ)
9 May, 2012

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ ရှိ High-Art Com.Ltd(ဆံပင်တုစက်ရုံ) မှ အလုပ်သမား ၅၀၀ ကျော်မှာ အခြေခံလစာငွေ တိုးမြှင့်ရေးအတွက် ဆန္ဒပြ ခဲ့ကြသည်။

အဆိုပါ အလုပ်သမားများမှာ မနက် ၇း၄၅ မိနစ်တွင်စတင်၍ ဆန္ဒပြခဲ့ပြီး၊ တောင်းဆိုချက်များ လိုက်လျောပေးရေးအတွက် မနက်ဖြန် နံနက် ၈နာရီတွင် ဆက်လျက် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် မယမင်းလွင်က ပြောသည်။

“ကျမတို့က ခြေခံလစာ ကျပ် ၈ ထောင်နဲ့အလုပ်လုပ်ခဲ့ရတယ်၊ အခု ကျပ် ၈ထောင်ကနေ အခြေခံလစာငွေကို သုံးသောင်းကျပ်တိုးတောင်းပါတယ်။ စက်ရုံက ပေးတာနဲ့ ကျမတို့စားဝတ် နေရေးမပြေလည်ပါဘူး ဒါကြောင့် ကျမတို့ ဆန္ဒပြတာပါ” ဟု စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မယမင်းလွင်က ပြောသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမားများအား အခြေခံလစာငွေ ကျပ် ၈ ထောင်နှုန်းဖြင့် ပေးလျက်ရှိသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ယခုအခါ အခြေခံလစာ ငွေ ကျပ် ၈ ထောင်မှ ကျပ် ၃သောင်းသို့ တိုးမြှင့်ပေးပါရန် တောင်းဆိုကြရာ အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသောကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း အလုပ် သမားများက ပြောဆိုသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမားပေါင်း ၁၈၀၀ ခန့်ရှိပြီး အနိမ့်ဆုံးအခြေခံလစာမှာ ကျပ် ၈ ထောင်မှ အမြင့်ဆုံးအခြေခံလစာငွေ မှာ ကျပ် ၉ ထောင်ဟု သတ်မှတ်ထားကြောင်း နေ့ကြေးအနေဖြင့် ၃၇ ကျပ် သတ်မှတ်ထားပြီး၊ လုပ်သက်ကြာပါက နေ့ကြေး ကျပ် ၂ ရာရသတ်မှတ်ကြောင်း သိရှိရသည်။

`အိုဗာတိုင်ကြေး၊ နေ့ကြေးတို့ ပေါင်းမှ စုစုပေါင်းရင် တလလုံး အမြင့်ဆုံးရတာက ငွေကျပ် ၂ သောင်း၉ ထောင်ပဲ ရတယ်၊ လုပ်သက် ၅ နှစ် ၆ နှစ်ရှိတဲ့ သူတွေကတော့ အားလုံးပေါင်း ၅ သောင်းလောက်ရတယ်ဆိုတော့ ကျမတို့ ဘယ်လိုမှ အဆင်မပြေပါဘူး`ဟု အဆိုပါ စက်ရုံမှ မသီတာထွန်းက ပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ ၁၀ ရက်နေ့မနက် ၈ နာရီတွင် အဆိုပါစက်ရုံ၌ ညှိနှိုင်းပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်း
ရှိန်ကပြောသည်။

“မနက်ဖြန်ကျရင် ဖြစ်သင့်ဖြစ်ထိုက်တာကို စက်ရုံမှာရှင်းပေးပါမယ် ဒီရုံးမှာတော့ရှင်းလို့မရပါဘူး ဒီလစာက ရသင့်တဲ့ဆိုတော့ မပြောချင်ပါဘူး ဒီလောက်ပဲ ပြောပါရစေ” ဟု အလုပ်သမားဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးထွန်းရှိန်ကပြောသည်။

အလုပ်သမားများအတွက်ဖြစ်သင့်ဖြစ်ထိုက်တာကို ဥပဒေအရဖြေရှင်းပေးမည်ဖြစ်ကြောင်း လစာတိုးပေးခြင်းမတိုးပေးခြင်းကိစ္စသည် အလုပ်ရှင်နှင့်ဆိုင် ကြောင်း အလုပ်သမားသမားဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောသည်။

အဆိုပါ စက်ရုံမှာ ကိုရီးယားနိုင်ငံသားတဦးပိုင်ဆိုင်သော စက်ရုံဖြစ်ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့