Wednesday, May 9, 2012

ဒု-သမ္မတနှုတ်ထွက်သည့်သတင်း သေချာမှုမရှိသေးကြောင်း ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက တုံပြန်

ထွန်းနေအောင်(မြစ်မခ)
8 May, 2012

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်သည့်သတင်းနှင့်ပတ်သက်၍ ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက သေချာမှု မရှိသောသတင်းအဖြစ် ဝေဖန်သုံးသပ်လျက်ရှိသည်။

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်သွားသည်ဟု ပြည်ပမီဒီယာအချို့တွင် ဖော်ပြ နေသော်လည်း အစိုးရက တရားဝင်သတင်း ထုတ်ပြန် ကြေညာခြင်း မရှိသည့်အတွက် ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။

“နုတ်ထွက်သွားတယ် ဆိုတာက ပြည်ပမီဒီယာတွေမှာ ပါတာပဲရှိပါသေးတယ်။ အစိုးရကတရားဝင် မထုတ်ပြန်သေးတဲ့အတွက် မသေချာသေးပါဘူး။”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။

အဆိုပါ သတင်းများထွက်ပေါ်မှုတွင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စင်္ကာပူမှ ပြန်လာပြီးနောက် ကျန်းမာရေးမကောင်းဘူးဆိုသည့် အကြောင်းပြချက်ဖြင့် မေလ(၃)ရက်နေ့တွင် နှုတ်ထွက်စာတင်ခဲ့သည်ဟု ပြည်ပမီဒီယာများတွင် ဖော်ပြပါရှိသည်။

အဆိုပါသတင်းမှာ Asian News International, DVB, VOAနှင့် မဇ္ဇျိမသတင်းများတွင် ဖေါ်ပြပါရှိသည်။

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်သွားသည်ဆိုသည့် သတင်းအပေါ်တွင် ကောလဟာလ အဆင့်သာရှိသေးသည့်အတွက် ထင်မြင် ချက် မပေးလိုကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ခုလိုသတင်းတွေ ထွက်ပေါ်နေတာဟာ ကောလဟာလအဆင့်ပဲရှိပါသေးတယ်။ ဘာမှ မသေချာ သေးပါဘူး။ အဲလို ကောလဟာပဲရှိနေသေးတဲ့ အနေ အထားမှာ ကျွန်တော်တို့အနေနဲ့ ထင်မြင်ချက် တစ်စုံတစ်ရာ ပေးလေ့မရှိပါဘူး။” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဋ္ဌေးကြွယ် ကပြောသည်။

ထို့ပြင် နိုင်ငံရေးအသိုင်းအ၀ိုင်းက လူပြောင်းလဲခြင်းထက် မူပြောင်းလဲရန်ကပိုပြီး အရေးကြီးသည်ဟု သဘောထားရမည်ဖြစ်ကြောင်းပြောဆိုကြသည်။

“တိုင်းပြည်အရေးကို လုပ်ဆောင်တဲ့အခါမှာ လူထက်မူကိုကြည့်ရမယ်။ လူက အရေးမကြီးဘူး။ မူပြင်တဲ့အခါ အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေကို လူတွေက လိုက်နာ ရတာ။ ဘယ်သူနဲ့ တော့ အလုပ်မဖြစ်ဘူး။ ဘယ်သူကတော့ အလုပ်ဖြစ်တယ်ဆိုပြီး နိုင်ငံရေးလုပ်နေလို့ မရဘူး။

ကျွန်တော်တို့ရင်ဘတ်ထဲမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ၊ နာတာတွေကို လွမ်းတာနဲ့ဖြေနေရပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွှန့်က ဆက်လက် ပြောဆိုခဲ့သည် ။


Ref: မြစ်မခ

0 comments:

အပေါ်သို့