Friday, May 11, 2012

ဆန္ဒပြပွဲများသို့ နိုင်ငံရေးအဖွဲ့အစည်းများက သွားရောက်ကူညီအားပေးမှုများရှိ

ထွန်းနေအောင်(မြစ်မခ)
10 May, 2012

၂၀၁၂ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် High-Art Com.Ltd (ဆံပင်တုစက်ရုံ)မှ အလုပ်သမားများ ဆန္ဒပြရာသို့ နိုင်ငံရေးအဖွဲ့အစည်းများက သွားရောက် ၍လိုအပ်သည်များအား ကူညီအားပေးလျက် ရှိကြောင်း သိရှိရသည်။

“အလုပ်သမားတွေက နေပူထဲမှာ ရပ်နေရတယ်။ နေကလည်း တအားပူတယ်။ မနက်ကတည်းက ကနေသူတို့ ဆန္ဒ ပြတာဆိုတော့ စားရေး သောက်ရေး ကလည်း အခက်ခဲရှိတယ်။

ရေအတွက်လည်း အခက်ခဲရှိတယ်။ ကိုယ့်မောင်နှမတွေလို သဘောထားပြီး လာကူညီလာပေးတာပါ။ တခြားလိုအပ်တဲ့ အကြံဥာဏ်တွေလည်း ပေးခဲ့ပါ သေးတယ်”ဟုGeneration Wave ဥက္ကဋ္ဌ ကိုဝင်းထွဋ် ကပြောသည်။

အဆိုပါ အလုပ်သမားများတောင်းဆိုသည့်အချက်များမှာ (၇)ချက် (၈)ချက်ခန့်ရှိကြောင်း ၄င်းတို့၏ အခြေခံလစာမှာ အလွန်နည်းပါကြောင်း ရက်ပျက်ကြေး၊ ဒဏ်ကြေးများဖြင့်ဆိုလျင် လခမှာ လောက်ငှ မှုမရှိသည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေ ခုဆန္ဒပြနေတယ်။ သူတို့နေ့တိုင်းပြရင် ကျွန်တော်တို့လည်း နေ့တိုင်းလာပြီး ကူညီပေးမှာပါ။ သူတို့တောင် လုပ်နိုင်သေးရင်ကျွန်တော်တို့က ဘာလို့မကူညီနိုင်ရမှာလဲ”ဟု ၄င်းက ဆက်လက်ပြော ဆိုသည်။

Generation Wave(GW) မှလာရောက်ကူညီသူများအနေဖြင့် သူငယ်ချင်း အချင်းချင်းကောက်ခံ၍ ရသည့် အလျှူငွေများ၊ အဖွဲ့သားအချင်းချင်း စိုက် ထုတ်သော ရန်ပုံငွေများဖြင့် ဆန္ဒပြသူများအား သွားရောက် အကူညီပေးချင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ ဆန္ဒပြမှုသည် (၂) ရက်ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီ ဖြစ်ပြီး GW မှ ပထမနေ့နှင့် ဒုတိယနေ့ များတွင် လာရောက်ကူညီများ ပေး ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒပြသည့် ဒုတိယနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ (ဗ.က.သ) ကျောင်းသားများ၊ Myanmar Youth Union စသည့် အဖွဲ့များ ကပါလာရောက် ကူညီ များပေးခဲ့ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ ဆန္ဒပြသူများအား နိုင်ငံရေးအဖွဲ့အစည်းများက ရေသန့်ဗူးပေးဝေခြင်း၊ ဘီစကစ်မုန့်ပုံးပေးဝေချင်းများလည်း ပြုလုပ်နေကြောင်း ဆန္ဒပြသူများ ထံက သိရသည်။

အဆိုပါ ဆန္ဒပြမှုတွင် ပထမနေ့၌ ဆန္ဒပြသူဦးရေ (၅၀၀) ခန့်ရှိခဲ့ပြီး၊ ဒုတိယနေ့တွင် အယောက် (၁၀၀၀)၀န်းကျင်ရှိ ကြောင်း သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့