Wednesday, May 9, 2012

၈၈မျိုးဆက်ကျောင်းသားများက ပွင့်လင်းလူ့အဖွဲ့ အစည်းအတွက် ပြည်နယ်နှင့်တိုင်းများသို့ ခရီးဆက်ဦးမည်

ဝင့်သင်ဇာကျော် (မြစ်မခ)
9 May, 2012

၈၈မျိုးဆက်ကျောင်းသားကျောင်းများက ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ခုအနေဖြင့် ပြည်နယ်နှင့် တိုင်းများရှိဒေသခံများထံသို့ သွားရောက် လေ့လာ၍ အတွေးအခေါ်ပိုင်းဆိုင်ရာ အသိပညာများအား ဆက်လက် ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“နယ်ဒေသအသီးသီးက ဒေသခံပြည်သူတွေက သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြတယ်၊ ကျွန် တော်တို့အနေနဲ့ ငွေအားနဲ့ မတတ်နိုင်ပေမဲ့ သူတို့ကိုအတွေးအခေါ်ပိုင်းဆိုင်ရာ ဗဟုသုတရဖွယ်တွေကို ပြောပြတယ်” ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။

အဆိုပါ ကျောင်းသားများသည် ပွင့်လင်းလာသော လူ့အဖွဲ့အစည်းတွင် မည်သည့်အရာကိုမျှ မကြောက် ကြရန်နှင့် အဖွဲ့အစည်းများကိုလည်း လွတ်လပ် စွာဖွဲ့စည်းနိုင်ပြီဖြစ်ကြောင်း ဒေသခံပြည်သူများကို အကြံဥာဏ် ပေးခဲ့ကြောင်း သိရှိရသည်။

“ဒေသခံတွေက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်၊ အဲ့တော့ သူတို့ကို မကြောက်အောင် ဘာတွေလုပ်လို့ ရနိုင်လဲ ဆိုတာတွေပါ ပြောပြတယ်။ အဖွဲ့ အစည်းတွေကိုလဲ ပွင့်ပွင့်လင်းလင်း ဖွဲ့စည်းဖို့ပေါ့၊ ဥပမာ သွေးလှူ အဖွဲ့တို့ ၊ သာရေး ၊ နာရေး ကွန်ယက်လေးဖြစ်အောင် လုပ်သင့်တယ်ဆိုပြီး အကြံပေး ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့တယ် “ ဟု ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှ မသက်သက်အောင်က ပြောသည်။

၈၈မျိုးဆက်ကျောင်းသားများဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို ၂၀၁၂ ဖေဖော်ဝါရီ ၂၀ရက်နေ့ ဟင်္သာတခရီးစဉ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ကချင်၊ ဧရာဝတီတိုင်း ၊ မန္တလေး ၊ တောင်ကြီး၊ မအူပင်နှင့် မြင်းခြံသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

လာမည့် မေလ (၁၂) ရက်နေ့နှင့် (၁၅)ရက်နေ့များတွင်လည်း ပုသိမ်နှင့် ထားဝယ်မြို့များသို့ သွားရောက်ကာ ဒေသခံများ ကြုံတွေ့နေရသော အခက်အခဲ များကို နားထောင်ပြီး အကြံဥာဏ်များ ၊ ဗဟုသုတများဆက်လက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့