Wednesday, May 9, 2012

ဇွန်လ၌ လူငယ်များအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်သင်တန်း ရန်ကုန်နှင့်မန္တလေးတွင် ဖွင့်လှစ်မည်

ဝေယံမိုးဦး(မြစ်မခ)
9 May, 2012

စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသောလူငယ်များအတွက် ရှိသင့်ရှိထိုက်သော လုပ်ငန်းရှင်အရည်အသွေးများ ရရှိစေရန် ရည်ရွယ်၍ရန်ကုန်နှင့် မန္တလေးမြို့များ တွင် လာမည့်ဇွန်လ(၁)ရက်နေ့မှစတင်ကာ စွန့်ဦးတီထွင် လူငယ် လုပ်ငန်းရှင် သင်တန်းဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

“စီးပွားရေးလုပ်ငန်းလုပ်ကိုင်ချင်တဲ့လူငယ်တွေမှာ ရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေကို ရှိစေချင်လို့ရည်ရွယ် ပြီးတော့ဒီသင်တန်းကိုဖွင့်တာပါ”ဟု အဆိုပါ သင်တန်းကို ဦးဆောင်သူ ဦးဇော်မင်းထွန်း ကပြောသည်။

အဆိုပါသင်တန်းတွင် ခေါင်းဆောင်မှုအရည်အသွေး၊ ပဋိပက္ခစီမံခန့်ခွဲမှု၊ အရောင်းနှင့် ဈေးကွက်စီမံခန့်ခွဲမှု၊ အချိန်နှင့် မိမိကိုယ်ကိုစီမံခန့်ခွဲမှု အစရှိသည့် ဘာသာ ရပ်များကို သင်ကြားပေးမည် ဖြစ်သည်။

“အချိန်နဲ့ မိမိကိုယ်ကို စီမံခန့်ခွဲမှု ပြည့်ဝတဲ့ အရည်အသွေးစီမံခန့်ခွဲမှု၊ လူအများကြားမှာ စကားပြောခြင်းစတဲ့ ဘာသာရပ်တွေကိုအရည်အသွေးပြည့်ဝပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့ စီးပွားရေး၊ လူမှုရေးပညာရှင်များက ပူးပေါင်း ဆွေးနွေးပို့ချပေးမှာပါ။ ”ဟု သင်တန်းမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

အဆိုပါသင်တန်းတတ်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်းကန့်သတ်ချက်မရှိသော်လည်း အသက်(၃၅)နှစ်အောက် တက္ကသိုလ်မှဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ပါပက တတ်ရောက်သင့်ကြောင်း ၄င်းက ဆက်လက် အကြံပြုပြောဆိုခဲ့သည်။

စွန့်ဦးတီထွင် လူငယ် လုပ်ငန်းရှင်သင်တန်းအား သင်တန်းကြေး ခြောက်သောင်း သတ်မှတ်ထားပါကြောင်းနှင့် သင်တန်းကာလမှာ(၇)ရက်ဖြစ်ပြီး တစ်ရက် လျှင်(၃)နာရီနှုန်းဖြင့် နာရီ(၂၀)စာသင်ကြားပေးမည်ဖြစ်ပြီး၊သင်တန်းသား(၂၀) ဦးရေခန့်သာ လက်ခံမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းပို့ချမည့် နေရာများမှာ ရန်ကုန်မြို့တွင် အမှတ် (၃၄၇ )၊ ဒုထပ်၊ ၃၉ လမ်း နှင့် မဟာဗန္ဓုလ လမ်းထောင့်၌ ပို့ချမည်ဖြစ်ပြီးမန္တလေးမြို့တွင် အမှတ် (၁၇၅) ပထမထပ်၊ ၂၆ဘီလမ်း၊ (၈၀×၈၁)လမ်းကြား ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းသို့ တတ်ရောက်လိုသူများသည် မေလ(၃၁) ရက် နောက်ဆုံးထား၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့