Thursday, June 7, 2012

ဗိုလ်ချုပ်လမ်းမပေါ်ရှိ လယ်မြေပြန်လည်ရလိုမှုဆန္ဒထုတ်ဖော်ပွဲ (၄)ရက်မြောက်နေ့တွင် ရပ်ဆိုင်း

ကျော်ဇင်မန်း(မြစ်မခ)
6 Jun, 2012

အသိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရန် ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့တွင် (၄)ရက် မြောက်ဆန္ဒပြတောင်းဆိုမှုအပြီးတွင်တောင်းဆိုမှုအား ရပ်နားလိုက်ပြီဖြစ်ကြောင်းလယ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဝင်းချိုက ဆိုသည်။

“ဆန္ဒပြမှု လေးရက်မြောက်နေ့ အပြီးမှာ ရပ်လိုက်ပါပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဘာတစ်ခုမှ ကျွန်တော်တို့ ဘက်ကို ဒီကိစ္စနဲ့ ပတ်သတ် လို့အကြောင်းကြားတာမျိုး မရှိပါဘူး”ဟု ဦးဝင်းချိုကပြောသည်။


(၄)ရပ်မြောက်နေ့တွင် ရပ်ဆိုင်းခဲ့သော်လည်း အဆိုပါတောင်းဆိုမှုအားလုံးဝရပ်ဆိုင်းလိုက်ခြင်းမျိုးမဟုတ်ပဲ လိုအပ်သည့် နေရာများတွင်ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အားနည်းသူများဘက်မှအမြဲရပ် တည်ပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းချိုက ဆိုသည်။

“ဘာတွေဆက်လုပ်မလဲဆိုတော့ လုပ်စရာတွေက အများကြီးပဲ။မြန်မာပြည်မြေပုံထဲမှာ ရှိတဲ့ နေရာတိုင်းမှာ ပြဿာနာတွေ ရှိတယ်။ အဲဒါတွေကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမယ်”ဟု ၄င်းက ဆက်ပြောသည်။

ထိုဆန္ဒပြမှုသည် လွန်ခဲ့သော (၁၄)နှစ်ခန့်က လှိုင်သာယာမြို့နယ်အတွင်းရှိလယ်သမားများ ပိုင်ဆိုင်သော လယ်ဧက ၆၀၀(ခြောက်ရာ) ခန့်ကိုစက်မှုဇုန် မြေ နေရာများအတွက်သိမ်းယူခဲ့ပြီး ယခုအချိန်အထိစက်မှုဇုန်လုပ် ငန်းအား အကောင် အထည်ဖော်ခြင်းမရှိသဖြင့် ၎င်းတို့ပိုင်ဆိုင်သောလယ်ယာမြေများအား ပြန်လည်တောင်း ဆိုခြင်းဖြစ်ကြောင်း လှိုင်သာယာ မြို့နယ်၊အပြင်ပဒံကျေးရွာတွင် နေထိုင်သူ လယ်သမားတစ်ဦးက ပြောသည်။

“သူတို့ အိုးအိမ်က ထုတ်ပေးထားတဲ့ မြေအသုံးပြုခွင့်စာချုပ်မှာလုပ်ငန်းအတွက သုံးခွင့်ရတဲ့မြေကွက်ကို (၃) လအတွင်းစတင်ဆောက်လုပ်ရမယ်ဆိုတာ ပါတယ်။ အခု (၁၄) နှစ်လောက်ရှိနေပြီ။ဘာမှမလုပ်သေးဘူး။ အဲဒါကြောင့် ကျွန်တော်တို့ လယ်သမားတွေလယ်ပြန်စိုက်ခွင့်ရချင်လို့ ပြန်တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု အပြင်ပဒံကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှထုတ်ပြန်ကြေငြာပေးထားသည့် စက်မှုလက်မှု လုပ်ငန်းအတွက် မြေအသုံးပြုခွင့်စာချုပ်တွင် စက်မှုလက်မှုလုပ်ငန်း အတွက် အသုံးပြုခွင့်ရရှိသော မြေကွက်တွင်လက်ခံရရှိ သည့်နေ့မှစ၍ (၃)လအတွင်း အဆောက်အဦး စတင်ဆောက်လုပ်အသုံးပြုရမည်ဟုပါရှိကြောင်း စက်ရုံအဆောက်အဦး မဆောက်လုပ်ပါက အစိုးရမြေ အဖြစ်ပြန်လည် သိမ်းယူသွားမည်ဟုပါရှိကြောင်း သိရှိရသည်။

“ဒါတွေက အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ စာရွက်စာတမ်းမှာ ပါတာတွေပဲ။ကျွန်တော်ပြောတာတွေ မဟုတ်ဘူး ဆိုရင် ဒီစာရွက်တွေက အတုတွေလား ဆိုတာသူတို့ကိုပဲ မေးကြည့်ပါ”ဟု ဦးဝင်းချိုကပြောသည်။

အဆိုပါဆန္ဒပြမှုနှင့်ပတ်သတ်၍ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ မေးမြန်းရာ ဝန်ထမ်းတစ်ဦးက ထိုကိစ္စအား တာဝန်ယူဖြေရှင်းပေးနိုင်မည့် တာဝန်ရှိ သူ မရှိကြောင်း၊၎င်းအနေဖြင့်လည်း ဖြေကြားခွင့် မရှိကြောင်း ပြောကြားခဲ့သည်။

“ဒီရုံးမှာ ဖြေရှင်းပေးနိုင်မယ့် တာဝန်ရှိသူတွေ မရှိပါဘူး။လူကြီးအကုန်လုံးက နေပြည်တော်မှာပါ။ ဒီရုံးမှာ တာဝန်ယူ ဖြေကြားပေးနိုင်မယ့်သူ မရှိပါဘူး”ဟု အိုးအိမ် ဝန်ထမ်းတစ်ဦးကပြန်လည်ဖြေကြားခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့