Wednesday, June 6, 2012

ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထား

2012-06-05

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ မြန်မာနိုင်ငံမှာ ဇိုမီးလူမျိုး ရှိတယ်လို့ ပြန်လည် လက်ခံလိုက်ပြီးတဲ့နောက်မှာ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီး အမျိုးသား ကွန်ကရက်ပါတီ (ZNC) က မနေ့က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။

အကြောင်းစုံကိုတော့ RFA သတင်းထောက် ဆလိုင်းရောဘတ်က သတင်းပေးပို့ထားပါတယ်။

ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ခေါင်းဆောင်တွေဟာ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြပြီးနောက် ပါတီရဲ့အမည်နာမကို ဇိုမီး အမျိုးသားများ ကွန်ကရက် (Zomi Nationalities Congress) ဆိုပြီး ပြောင်းလဲလိုက်ကာ အဲဒီနေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံ ရေး ပါတီအဖြစ် ပြန်လည် လျှောက်ထားလိုက်ကြတယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပူးကျင်ဆွမ်းမာန်က RFA ကိုပြောပါတယ်။


၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ တစ်ခုဖြစ်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ ( ZNC) ဟာ မေလဆန်းပိုင်းက ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုတွေထဲမှာ ဇိုမီးလူမျိုး မရှိဘူးဆိုပြီး ပါတီတည် ထောင် ခွင့် မပေးခဲ့ပါဘူး။

ဒါကြောင့် ပူးကျင့်ရှင်းထန်း ဦးဆောင်တဲ့ (ZNC) ပါတီခေါင်းဆောင်တွေက ဇိုမီးလူမျိုးတွေ မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ အမှန်တကယ်ရှိကြောင်း စာပေ အထောက် အထားတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပြီးနောက် မေလ ၃၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ဇိုမီးဆိုတဲ့ အမည်နာမနဲ့ ပါတီ တည်ထောင်ဖို့ ပြန်လည်လက်ခံလိုက်တာ ဖြစ်ပါတယ်။

အသစ်လျှောက်ထားလိုက်တဲ့ ဇိုမီးအမျိုးသားများ ကွန်ကရက်ပါတီကိုတော့ ရွေးကောက်ပွဲကော်မရှင်က လက်ခံမယ်လို့ မျှော်လင့်ကြောင်း၊ တကယ်လို့ လက် မခံ ခဲ့ရင်လည်း ဆက်ပြီးတော့ ကြိုးစားသွားမယ်လို့ ပူးကျင့်ဆွမ်းမာန်က ပြောပါတယ်။

“သူတို့ မလိုချင်တဲ့ဟာက ဇိုမီးဖြစ်နေတာကို၊ ဇိုမီးကို လက်ခံပြီးပြီဆိုတော့ ကျန်တဲ့အပိုင်းကတော့ ဘာမှပြောစရာ မလိုတော့ပါဘူး။ ကျွန်တော့် အထင်ပေါ့ နော်။

ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ ပါတီရအောင်တော့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက်၊ လူမျိုးတစ်မျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်။ ကော်မရှင်ကနေ ကျွန်တော်တို့ကို ဒီဟာတွေ ဒါတွေထပ်လုပ် ဆိုရင်လည်း ကျွန်တော်တို့ အဆင်သင့်ပဲ"

ဒါအပြင် Nationalities ဆိုတဲ့အသုံးအနှုန်းကို သုံးပြီး ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ Shan Nationalities League for Democracy (SNLD) ကိုလည်း ရွေးကောက်ပွဲကော်မရှင်က လက်ခံတဲ့အတွက် Zomi Nationalities Congress ကိုလည်း လက်ခံမယ်လို့ ယုံကြည်ကြောင်း ပူးကျင့်ဆွမ်းမာန်က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီကို ၁၉၉၂ ခုနှစ်မှာ ယခင်န၀တ အစိုးရက ပါတီဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို NLD နဲ့အတူ သပိတ်မှောက်ခဲ့ပြီနောက် ခုတခါ တရားဝင်နိုင်ငံရေးပါတီ တည်ထောင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့