Thursday, June 7, 2012

မှန်မှန်ကန်ကန်ပြုပြင်နိုင်ရန် ကမ္ဘာ့စီးပွားရေးညီလာခံတွင် ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

ဝင့်သင်ဇာကျော် (မြစ်မခ)
6 Jun, 2012

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ မှန်မှန်ကန်ကန်ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာ့စီးပွားရေးညီလာခံတွင် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ရိုးရိုး သားသားပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။

“ကမ္ဘာ့စီးပွားရေးညီလာခံကိုတက်ရတာလဲ ကမ္ဘာတလွှားက နိုင်ငံတကာက၀န်ကြီးတွေစီးပွားရေးပညာရှင်တွေ လုပ်ငန်းရှင်တွေနဲ့ တွေ့ရတာဟာ အင်မတန် မှမြန်မာနိုင်ငံအတွက် စဉ်းစားစရာကိစ္စအများကြီး ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုကမြန်မာနိုင်ငံက အခြေအနေကို ကျွန်မမြင်တဲ့အတိုင်းပဲ ဆွေးနွေးခဲ့တယ်၊


တစ်ချို့ကတော့ ဒါကို မကျေနပ်ဘူးလို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ကျွန်မမြင်တဲ့အတိုင်း ရိုးရိုးသားသားပဲ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ မြန်မာ နိုင်ငံက ဘယ်လို အနေအထားမှာရှိနေလဲဆိုတာ မှန်မှန်ကန်ကန်ပဲ သုံးသပ်မှ ပြုပြင်ပြောင်း လဲရေး ခြေလှမ်းတွေကို မှန်မှန်ကန်ကန်လှမ်းနိုင်မှာ ဖြစ်ပါတယ်။” ဟု ဒေါ်အောင် ဆန်းစုကြည်က သတင်းစာ ဇွန်(၆)ရက်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ် ဇွန်လ (၆)ရက်နေ့ နံနက် ၁၁နာရီခွဲဝန်းကျင်တွင်ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ် ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်ထိုင်းနိုင်ငံတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံကိုတက်ရောက်ခဲ့စဉ် အတွင်း ရွှေ့ပြောင်းအလုပ်သမားများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

“ကျွန်မထိုင်းနိုင်ငံကို သွားရတဲ့အဓိက အကြောင်းအရင်းကကမ္ဘာ့စီးပွားရေးညီလာခံတက်ဖို့ သွားတာပါ ဒီအပြင်မှာ ရွှေ့ပြောင်းအလုပ်သမားနဲ့ ၊ ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ အရေးကိုလည်းကျေကျေနပ်နပ်နဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေရေးရာကိုကိုင်တွယ်နေတဲ့ ထိုင်းဒု-၀န်ကြီးနဲ့လည်း ပြေပြေ လည်လည်ဆွေးနွေးပိုင်ခွင့်ကိုလဲ ရရှိခဲ့ပါတယ်။ “ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့စီးပွားရေးညီလာခံ၌ ကမ္ဘာတလွှားမှစီးပွားရေးပညာရှင်များ ၊ နိုင်ငံတကာမှဝန်ကြီးများ၊ စီးပွားလုပ်ငန်းရှင်များ နှင့် တွေ့ဆုံခဲ့ကြောင်းကိုလည်း သိရှိရသည်။ ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ပြည် တွင်းပြည်ပ သတင်းထောက် (၃၀)ကျော်တက်ရောက်ခဲ့ပြီး နေ့လည် ၁၂နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့