Friday, June 8, 2012

စာနယ်ဇင်း ကောင်စီအတွက် ကိုယ်စားလှယ် စေလွှတ်ရန် MJN ဆိုင်းငံ့ထား

ဟင်္သာနီ (မွန်မြေ)
ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ ယာယီ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် တောင်းဆို ထားသည့် ၎င်းတို့ကိုယ်စားလှယ်များ စေလွှတ်ပေးရေး ကိစ္စအား ဆိုင်းငံ့ထားဦး မည်ဟု မြန်မာ့ဂျာနယ်လစ်ကွန်ယက် MJN က ဆိုသည်။

MJN ၏ ကောင်စီဖွဲ့စည်းရေး အကြံပြုချက်များ အပေါ် ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် အကြောင်းပြန်ကြားခြင်း မရှိသေးသဖြင့် ၎င်းတို့ကိုယ်စားလှယ် စေလွှတ်ပေးရန် ခေတ္တဆိုင်းငံထားသေးကြောင်း MJN ပြန်ကြားရေး အဖွဲ့ဝင် တဦး ဖြစ်သည့် 7 Day ဂျာနယ် သတင်းထောက် ဥက္ကာကိုကို က ပြောသည်။

“ဇွန်လ ၄ ရက်နေ့တုန်းက ကျနော်တို့ ကိုယ်စားလှယ်တွေ စေလွှတ်ပေးဖို့ ပြန်ကြားရေးက တောင်းလာတယ်။ ကျနော် တို့ရဲ့ အကြံပြုချက်တွေကို အကြောင်း မပြန်သေးသမျှတော့ ကိုယ်စားလှယ် စေလွှတ်ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုပြီး ပြန်ကြားရေးကို ဒီနေ့ အကြောင်းပြန်စာ ပေးပို့ခဲ့ပါတယ်” ဟု မဇ္ဈိမကို ပြော သည်။

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းနိုင်ရန်အတွက် သမ္မတ၏ တိုက်ရိုက် ညွှန်ကြားချက်ဖြင့် မေလ ၁၈ ရက်နေ့က ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာ့ ဂျာနယ်လစ် ကွန်ယက်၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂတို့အား ခေါ်ယူ တွေ့ဆုံ ခဲ့သည်။

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များ စုစည်း တင်ပြကြရန်၊ ယင်းအချက် အလက်များကို အခြေခံ၍ စာနယ်ဇင်း ကောင်စီကို ဖွဲ့စည်းမည် ဖြစ်ကြောင်းနှင့် ယခု စာနယ်ဇင်းကောင်စီ၌ ပြန်ကြားရေး မှ မည်သို့မျှ ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ၌ သဘောတူ ဆုံးဖြတ်ခဲ့ပါသည်။

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် အချက်အလက်များ စုစည်းနိုင်ရန် မေလ ၂၆ ရက်နေ့၌ အဖွဲ့ဝင်များနှင့် လေ့လာသူများ ၅ဝ ခန့် တက်ရောက် သည့် အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ကျင်းပခဲ့ကာ ထိုမှ ရရှိလာသည့် အချက်အလက်များ အကြံပြုချက်များအား ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။

MJN ၏ အကြံပြုချက်များထဲတွင် မီဒီယာနှင့် သက်ဆိုင်သည့် ဥပဒေများ ရေးဆွဲ ပြန်ဋ္ဌာန်း ပေးရေး၊ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်များသည် သမ္မတနှင့်တကွ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခွင့် ရှိရန် စသည်တို့ ပါဝင်သည်။

“ကျနော်တို့က စာနယ်ဇင်းကောင်စီကို မဝင်ဘူးလို့ မပြောပါဘူး။ ကျနော်တို့ဘက်က ပို့ရင်တော့ ကိုယ်စားလှယ် ၁ဝ ယောက်လောက် ပို့ဖို့ စီစဉ်ထားပါတယ်။ အခု သူတို့ဘက်က ပုံစံက အကြောင်းမပြန်တဲ့အပြင်ကို လူအတင်း တောင်းနေတဲ့ ပုံစံ ဖြစ်နေတယ်” ဟု ဥက္ကာကိုကို က ဆက်လက် ရှင်းပြသည်။

မြန်မာနိုင်ငံ ယာယီ စာနယ်ဇင်းကောင်စီအား ဇွန်လ ပထမပတ်၌ ဖွဲ့စည်းနိုင်ရန် ရည်ရွယ် ထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့