Thursday, June 7, 2012

အထွေထွေ အာမခံ ကုမ္ပဏီတခု အရင်းအနှီး ကျပ်သန်းထောင်ပေါင်း ၄၀ လို

အောင်ဝင်း
ဇွန်လ ၀၆ ရက် ၂၀၁၂ ခုနှစ်

ပုဂ္ဂလိက အထွေထွေ အာမခံ ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ရန် အတွက် မတည်ရင်းနှီးငွေ အနည်းဆုံး ကျပ် သန်းထောင်ပေါင်း ၄၀ (အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်) နှင့် အသက်အာမခံ ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ရန်အတွက် မတည်ရင်းနှီးငွေ ကျပ်သန်း ခြောက်ထောင် (အမေရိကန်ဒေါ်လာ ခုနှစ် သန်းခန့်) ရှိရန် လိုအပ်မည် ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးမောင်မောင်သိမ်း က ပြောသည်။

“နှစ်မျိုးစလုံး လုပ်မယ်ဆိုရင်တော့ အလုံးစုံ အာမခံ ကုမ္ပဏီအတွက် စုစုပေါင်း ကျပ်သန်း ထောင်ပေါင်း ၄၆ (အမေရိကန် ဒေါ်လာ ၅၇ သန်း) မတည် အပ်နှံ ငွေ ရှိဖို့ လိုပါလိမ့်မယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံမှ မတည် အပ်နှံငွေကို တနှစ်ပြည့်ပြီးပါက ၆ဝ ရာခိုင်နှုန်းကို လုပ်ငန်း လည်ပတ်ရန် ပြန်လည် ထုတ်ပေးမည် ဖြစ်ပြီး ကျန်ရှိသော ၄ဝ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ် တွင် ပုံသေ အပ်နှံထားရမည် ဖြစ်ကာ ဘဏ်တိုးခံစားခွင့် ရရှိနိုင်မည် ဖြစ်သည်။ ကျန် ၃ဝ ရာခိုင်နှုန်းကို ငွေတိုက်စာချုပ် (Treasure Bond) ဝယ်ယူအပ်နှံထားရမည်ဟု ဦးမောင်မောင်သိမ်းက ဆိုသည်။

မတည်အပ်နှံ ရင်းနှီးငွေများ တောင်းခံရခြင်းမှာ အာမခံကုမ္ပဏီ အရေအတွက်ကို ထိန်းချုပ်လိုခြင်း ဖြစ်ပြီး အရင်းအနှီး မလုံလောက်သော အာမခံ ကုမ္ပဏီ အရေအတွက် များစွာ ပေါ်ပေါက်လာပါက နောင်တွင် အာမခံ လျော်ကြေးငွေ မပေးနိုင်ခြင်းနှင့် ကုမ္ပဏီ ပြိုကွဲခြင်းတို့ ဖြစ်ပေါ်ခြင်းကို ဟန့်တားလိုခြင်း ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ကျင်းပ
သော ဟောပြောပွဲတခုတွင် ၎င်းက ဆိုသည်။

“ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်ဖို့ လျှောက်လွှာတွေ ၁၈ဝ ကျော် ရောင်းချထားပါတယ်။ ဒါပေမယ့် အခုထိ လာပြီး လျှောက်ထားတဲ့ ကုမ္ပဏီ တခုမှ မရှိသေးပါဘူး။ လျှောက်လွှာ ဝယ်တဲ့သူတွေကို အုပ်စု သုံးခု ခွဲပြီး ပြောမယ် ဆိုရင် ပုဂ္ဂလိကဘဏ် အုပ်စု၊ ထင်ရှားကျော်ကြားသော ကုမ္ပဏီအုပ်စုနဲ့ အမည်မသိ အုပ်စုများ ပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။

လျှောက်လွှာများကို ယခုလက်ရှိ လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက ဘဏ် ၁၈ ခုလုံးက ဝယ်ယူထားပြီး ထင်ရှား ကျော်ကြားသော လုပ်ငန်း ကုမ္ပဏီများအနက် ရွှေတောင် ကုမ္ပဏီနှင့် စိန်နန်းတော် ရွှေနန်းတော် ရတနာ ရွှေဆိုင် ကုမ္ပဏီတို့ ပါဝင်သည်ဟု ဆိုသည်။

နိုင်ငံခြားကုမ္ပဏီများ ဖြစ်သော ဟောင်ကောင်အခြေစိုက် AIA Insurance အာမခံ ကုမ္ပဏီနှင့် အမေရိကန် အခြေစိုက် Star Insurance ကုမ္ပဏီတို့က မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံ တည်ထောင်ရေး အလားအလာများနှင့် ပတ်သက်ပြီး လာရောက်မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်ဟု ၎င်းက ဆိုသည်။

“လောလောဆယ် အနေနဲ့တော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံ ကုမ္ပဏီတွေကို ပြည်တွင်းမှာ အာမခံ ကုမ္ပဏီထောင်ဖို့ ခွင့်ပြုဖို့ မရှိသေးပါဘူး၊ ပြည်တွင်းကုမ္ပဏီတွေ အနေနဲ့ လာမယ့် ၂ဝ၁၅ ခုနှစ် အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အကောင်အထည် မဖော်ခင် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတွေကို အရင်ဆုံး တည်ထောင် လုပ်ကိုင်စေ ချင်တာပါ” ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ တည်ထောင်လုပ်ကိုင်ခွင့် ပြုခြင်းသည် ပြည်တွင်းတွင် တိုးတက်များပြား လာသော ကုမ္ပဏီ အရေအတွက်နှင့် အာမခံထားသော ပမာဏများကို မြန်မာ့အာမခံ ကုမ္ပဏီတခုတည်း အနေဖြင့် မနိုင်နင်းနိုင်သောကြောင့် ပုဂ္ဂလိက ကုမ္ပဏီများကို ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မကြာသေးခင်ကပဲ ကုမ္ပဏီတခုက အာမခံ ကျပ် ၅ ဘီလီယံ လာထားပါတယ်။ မြန်မာ့အာမခံ လုပ်ငန်းအနေနဲ့ လက်ခံလို့ မဖြစ်ပါဘူး။ တကယ်လို့ လျော်ရ မယ်ဆိုရင် တဝက်လောက် ပြုတ်သွားမှာမို့ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဟောပြောပွဲတွင် ဦးမောင်မောင်သိမ်းက အာမခံ လုပ်ငန်းများ၏ ကောင်းကျိုး၊ ကုမ္ပဏီ တည်ထောင်လုပ်ကိုင် ခြင်း၏ အကျိုးအမြတ်များနှင့် အလုပ် အကိုင် အခွင့်အလမ်းများကိုလည်း ထည့်သွင်း ဟောပြောသွားသည်။

“ကမ္ဘာမှာ လက်ရှိလုပ်ကိုင်နေတဲ့ နာမည်ကြီး အာမခံ ကုမ္ပဏီတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ ကျော် ၊၂ဝဝ ကျော်၊ ၃ဝဝ ကျော် ကစပြီး ရေရှည်တည်တံ့ လုပ်ကိုင်လာတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီ စာရင်းမှာ ပါတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ အောင်မြင်မှုများ ရှိသကဲ့သို့ ၁၉၇ဝ ခုနှစ်နှင့် ၂ဝဝ၃ ခုနှစ် ၃၃ နှစ်တာ ကာလအတွင်း ကမ္ဘာပေါ်တွင် ဒေဝါလီ ခံသွားရသော အာမခံ ကုမ္ပဏီပေါင်း ၇ဝဝ ခန့် ရှိရာ တနှစ်လျှင် ကုမ္ပဏီပေါင်း ၂ဝ ကျော်ခန့် ဒေဝါလီ ခံရမှုများ ရှိနေသည်ဟု ဆိုသည်။

၁၉၉ဝ ခုနှစ်နှင့် ၂ဝဝဝ ပြည့်နှစ်အတွင် အမေရိကန် အာမခံ ကုမ္ပဏီများထဲမှာ အသက်အာမခံ ကုမ္ပဏီ သုံးခု ဒေဝါလီ ခံခဲ့ရပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန် အကြီးဆုံး အာမခံ ကုမ္ပဏီတခုဖြစ်သော AIG (American Insurance Group) ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်ရောက်စဉ်က အများပိုင် ကုမ္ပဏီ ဖြစ်သဖြင့် အမေရိကန် အစိုးရက ဝင်ရောက် ကယ်တင်ပေးလိုက်ရသည့် ဖြစ်စဉ်များလည်းရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသော အမည် မဖော်လိုသူ စက်ရုံ လုပ်ငန်းရှင်ကြီးတဦးက ပြောကြားရာတွင် “အခုလို ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ တည်ထောင် လုပ်ကိုင်ခွင့် ပေးတာ ကောင်းပါတယ်။ အခု အခြေအနေအတိုင်း ဆိုရင် မတည် ရင်းနှီးငွေများလို့ ပုဂ္ဂလိက ဘဏ်တွေလောက်ပဲ အာမခံကုမ္ပဏီ တည်ထောင် လုပ်ကိုင်ဖို့ များပါတယ်” ဟု ၎င်းက ဆိုသည်။

“ပုဂ္ဂလိက ဘဏ်တွေကလည်း ကျနော့်အမြင်အရ သိပ်ပြီး ဘဏ္ဍာရေးအခြေအနေ တောင့်တင်းတယ်လို့ မထင်ပါဘူး။ အခု သူတို့ကို ပေးလုပ်နေတဲ့ နိုင်ငံခြား ငွေလဲ လုပ်ငန်းကိုတောင်မှ နိုင်နိုင်နင်းနင်း မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြား ဘဏ်တွေ ဒါမှမဟုတ် နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်မယ် ဆိုရင်တော့ ပို ကောင်းမယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပုဂ္ဂလိက ကုမ္ပဏီများအား အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့် ပေးရာတွင် အာမခံထားသော ပြည်သူများအနေဖြင့် ယုံကြည် ကိုးစားမှု အပြည့်အဝရှိရန် လိုအပ်ပြီး နာဂစ်မုန်တိုင်းကဲ့သို့ ပျက်စီးမှု ကြီးမားသော အခါများတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ လျော်ကြေး ပေးနိုင်မှု ရှိ/မရှိနှင့် ပတ်သတ်၍ မေးခွန်းထုတ်စရာ ဖြစ်ပြီး အာမခံ လျော်ကြေးပေးမှု ပမာဏနှင့် ပတ်သတ်ပြီး အငြင်းပွားစရာ ဖြစ်ပေါ်လာပါက မည်သို့ ဖြေရှင်းနိုင်မည်ကိုလည်း တိကျသော နည်းဥပဒေ များ ရှိရန် လိုအပ်မည် ဟု ၎င်းက ဆိုသည်။

မြန်မာ့အာမခံလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တခုတည်းသော အာမခံလုပ်ငန်းအဖြစ် ၁၉၆၅ ခုနှစ်မှ စတင်ကာ ၄၇ ခုနှစ်ကြာ ရပ်တည်လာခဲ့ပြီး ၂ဝ၁၂ ခုနှစ် တွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင် လုပ်ကိုင် ခွင့်ပြုရန် စတင် ပြန်လည် စီစဉ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးခါစတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီပေါင်း ၁ဝဝ ကျော် ရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဆိုရှယ်လစ် အမည်ခံ ဦးနေဝင်း စစ်အစိုးရ အာဏာသိမ်းကာ အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း ၁၉၆၅ ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီများ အားလုံးကို ပြည်သူပိုင် သိမ်းခဲ့သည်။

“အခုလို အာမခံလုပ်ငန်းကို ပုဂ္ဂိလကကိုလည်း လုပ်ပိုင်ခွင့် ပေးလိုက်တာ ကောင်းပါတယ်။ အာမခံ ထားမယ့် ပြည်သူ တွေအတွက် ပိုပြီး ရွေးချယ်စရာတွေ ရှိတာပေါ့” စက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်များအသင်းချုပ် (UMFCCI) မှ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်လွင်က ဟု ဆိုသည်။

အစိုးရပိုင် မြန်မာ့ အာမခံလုပ်ငန်း တခုသာ ရှိသဖြင့် ပြည်သူများအနေဖြင့် အာမခံ လုပ်ငန်းအကြောင်း နားမလည် သူများလည်း များပြားကြောင်း၊ နားလည် သူများကလည်း အာမခံကြေး ပေးသွင်းရမည့် လုပ်ထုံးလုပ်နည်းများကို ကောင်းစွာ သဘော မပေါက်သောကြောင့် အာမခံထားသူ နည်းပါးလျက် ရှိကြောင်း ဦးအောင်လွင်က ဆိုသည်။

မြန်မာ့အာမခံ လုပ်ငန်းမှ ကိုယ်စားလှယ်တဦး ဖြစ်သော ဒေါ်ဌေးဌေးက “အခုလို ပုဂ္ဂလိကကို ဖွင့်ပေးလိုက်တဲ့ ကျမတို့ ကိုယ်စားလှယ်တွေလည်း မြန်မာ့ အာမခံလုပ်ငန်းတင် မကဘဲနဲ့ တခြား ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေမှာ ကိုယ်စားတွေ အဖြစ်နဲ့ ပူးတွဲ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်း လုပ်ကိုင်နေသော အာမခံ ကိုယ်စားလှယ်ပေါင်း ၈ဝဝ ကျော် ရှိသည်ဟု လည်း မြန်မာ့ အာမခံလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမောင်မောင်သိမ်းက ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့