Tuesday, June 5, 2012

အန်ဂျီအိုဥပဒေအား အစောဆုံး(၉)လပိုင်းမှသာ တင်သွင်းနိုင်ဖွယ်ရှိ

ဝင့်သင်ဇာကျော် (မြစ်မခ)
5 Jun, 2012

လာမည့် ဇူလှိုင်လဆန်းပိုင်းတွင် ကျင်းပမည့် စတုတ္ထအကြိမ်လွှတ်တော်အစည်းအဝေးတွင် ယခင်လျာထား သော ဥပဒေမူကြမ်းများကျန်ရှိခြင်းကြောင့် အရပ် ဘက်ဆိုင်ရာအသင်းအဖွဲ့များ(NGO)ဥပဒေများအား စက်တင် ဘာလပိုင်းမှသာ တင်ပြဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

“ကျွန်မကိုတော့ လွှတ်တော်ထဲမှာ အန်ဂျီအိုဥပဒေပြဌာန်းနိုင်ဖို့ ပြောထားတာရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါကို ဇူလိုင် လ ကျင်းပမယ့် လွှတ်တော်ထဲမှာတော့ တင်ပြနိုင်ဖို့မလွယ်ဘူး၊ ဘာလို့လဲဆိုတော့ အရင်လွှတ်တော် ကျင်းပ စဉ်က တင်ထားတဲ့ ဥပဒေမူကြမ်းတွေလည်း ရှိနေသေးတော့ အန်ဂျီအိုဥပဒေကို ဖြစ်နိုင်ရင် ကိုးလပိုင်းလောက် မှတင်ဖြစ်ဖို့များတယ်” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းသည် အန်ဂျီအို ဥပဒေကို အဆိုပြု ဆွေးနွေးနိုင်ရန်အတွက် ဦးစွာ ဥပဒေမူကြမ်း ပူးပေါင်းရေးကော်မတီသို့တင်ပြမည်ဖြစ်ပြီး အဆိုပါကော်မတီမှ ပြန်လည်သုံးသပ်၍ လွှတ်တော်ရွေးချယ်ကာ ဆွေးနွေးရန် အတည်ပြုပေးမည်ဖြစ်သည်။

“ကျွန်မအနေနဲ့က အရင်ဆုံးမူကြမ်းကော်မတီကို တင်ပြရမှာ၊ လွှတ်တော်ထဲမှာ ဆွေးနွေးမှာလား မဆွေးနွေး ဘူးလားဆိုတာ မသိနိုင်ဘူး၊ ရာနှုန်းပြည့် ဆွေးနွေးဖြစ်မယ်ဆိုတာလည်း၊ မပြောနိုင်ဘူး မူကြမ်းကော်မတီက သုံးသပ်လို့လက်ခံပြီဆိုမှ လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်မှာ ”ဟု ဒေါက်တာညို ညို သင်းက ဆက်ပြောသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ(NGO)က အစိုးရမလုပ်နိုင်သည့် အလုပ်ကိစ္စများအား လုပ်ကိုင်ရခြင်းဖြစ်ပြီး ပြည်သူများ၏ အားထားရသော လူမှုရေးအဖွဲ့ အစည်းများလည်းဖြစ်ခြင်းကြောင့် NGO အဖွဲ့အစည်းများအား အားပေးသော ဥပဒေမျိုးဖြစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြော ဆိုကြသည်။

အရပ်ဘက်လူ့အဖွဲ့အစည်း(NGO)ဥပဒေရေးဆွဲရာတွင် ဘာသာရေးလုပ်ကိုင်သည့် အဖွဲ့အစည်းများ မပါဝင် သင့်ဟု NGOအသိုင်းအ၀ိုင်းများအကြားတွင် ၀ိဝါဒ ကွဲပြားသူများရှိနေကြသည်။

“NGOတွေကတော့ များတယ်။ သူ့ရည်ရွယ်ချက်တွေ ရှိတယ် ၊ NGOရဲ့အဓိပ္ပာယ်က non government ၊ non-profit ၊ non-political ၊ non-religious လည်း ပါသင့်တယ်ပေါ့၊ ဘာသာရေးကို အကြောင်းပြုပြီး လူမှုရေး လုပ်တာ မကောင်းဘူး။ “ ဟု FREDAအဖွဲ့အစည်းမှ ဒုတိယ-ဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းနေပြီဖြစ်ခြင်းကြောင့် NGO Law (အန်ဂျီအိုဥပဒေ) ပြဌာန်းရာတွင် ကမ္ဘာ့အဆင့်မီ ဥပေဒ မဖြစ်သော် လည်း အရှေ့တောင်အာရှနိုင်ငံများနည်းတူ ဥပဒေမျိုး ဖြစ်သင့်ကြောင်း အရပ်ဖက်အသင်းအဖွဲ့အချို့က အကြံပြုပြောဆိုသည်။

“အန်ဂျီအိုဥပဒေက ကမ္ဘာ့နိုင်ငံတွေကို မယှဉ်နိုင်ရင်တောင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်ကာပူ ပုံစံမျိုးဥပဒေကိုတော့ ပြဌာန်း သင့်တယ်။ “ဟု နိဗ္ဗာန်ဆော် လူမှုကူညီရေးအသင်း အတွင်းရေးမှူး ကိုညီညီလွင်က ပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းဥပဒေအား ပြဌာန်းပေးရာတွင် အရပ်ဘက်အသင်းအဖွဲ့ များအား ဖိအားပေးနိုင်သော ဥပဒေမျိုး မဖြစ် သင့်ကြောင်းနှင့် အန်ဂျီအိုလုပ်ကိုင်နေသူများ၏ အကြံပြုချက်များ ဖြင့် ဥပဒေရေးဆွဲသင့်သည်ဟု နိဗ္ဗာန်ဆော်အဖွဲ့က အကြံပြုပြောဆိုကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများအား ပုံစံအမျိုးမျိုးနှင့်ကိုင်နေကြသော လူမှုအဖွဲ့အစည်းပေါင်း (၁၀၀၀)ကျော်ရှိကြောင်းကိုလည်း NGOအသိုင်း အ၀ိုင်းက သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့