Thursday, August 16, 2012

ဒုတိယ သမ္မတ ကျမ်းသစ္စာ ကျိန်ဆို

15 August 2012

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) နေရာ၌ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းကျိန် ခဲ့ပါသည်။ သူသည် စစ်တက္ကသိုလ် အပါတ်စဉ် (၁၆)၊ အောင်ဇေယျ တပ်ခွဲမှဖြစ်ပါသည်။ ကိုယ်ပိုင် အမှတ်မှာ ရေ (၁၁၆၉) ဖြစ်ပြီး တပ်မတော်(ရေ) တွင် ဒုဗိုလ် အဆင့်မှ ဗိုလ်ချုပ်ကြီး အထိ တာဝန် ထမ်းဆောင် ခဲ့သူဖြစ်သည်။

သူသည်လစ်လပ်နေသည့် ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦး၏ နေရာ၌အစားထိုး ခန့်အပ်ခြင်းဖြစ်ပါသည်။ ဒု- သမ္မတ ဟောင်း သီဟသူရ တင်အောင် မြင့်ဦးမှာ စစ်တပ် ပိုင်းမှ သဘောထား တင်းမာသူ အုပ်စုထဲမှ တစ်ဦး ဖြစ်သည်ဟု သတ်မှတ် ခြင်း ခံထားရသူ ဖြစ်ပြီး ကျန်းမာရေးကြောင့် 2012 ခုနှစ် ဇူလိုင်လ 2 ရက်နေ့တွင် နှုတ်ထွက်စာ တင်ခဲ့ပါသည်။

ဤဒုတိယ သမ္မတနေရာကို ကနဦး၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သားလွှတ်တော် အမတ်များ အစုအဖွဲ့က အမည်စာ ရင်း တင်သွင်း ခဲ့သော်လည်း ဒုတိယသမ္မတ ဖြစ်ခွင့် စည်းကမ်း ချက်များနှင့် ကိုက်ညီမှု မရှိသဖြင့် ရွေးချယ်ရေး အဖွဲ့ဝင်များမှ ပယ်ချ ခဲ့ပါ သည်။

အမှန်တကယ်၌ မြန်မာနိုင်ငံအနေနှင့် စစ်တပ်ကိုကိုယ်စားပြုသော ဒု-သမ္မတ တစ်ဦးရွေးချယ်ခွင့် ပေးထားမှုသည် နိုင်ငံရေး အခန်းကဏ္ဍ၌ စစ်တပ် သြဇာ လွှမ်းမိုးထားရန် ရည်ရွယ်သော ၂၀၀၈ ဥပဒေမျိုး မရှိသင့်ဟု UNFC အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါသည်။

“နိုင်ငံကြီး တော်တော်များများ မှာတောင် သမ္မတ တစ်ဦးနဲ့ ဒု-သမ္မတ တစ်ဦးစီပဲ ရှိကြပါတယ်၊ မြန်မာနိုင်ငံလို လူဦးရေသန်း (၆၀) လောက်ပဲ ရှိတာကို သမ္မတကြီး တစ်ယောက်နဲ့ ဒု-သမ္မတ နှစ်ယောက်တောင် ထားတယ်ဗျာ၊ အားလုံးကိုလည်း ပါစေ ချင်တယ်၊ အာဏာလည်း များများ မပေးချင်တော့ လွှတ်တော်နှစ်ရပ်ဘဲရှိတဲ့တိုင်းပြည်မှာ စစ်တပ်ကိုယ်စားပြု ဒုတိယသမ္မတပါ ပေးထားရတဲ့သဘောဖြစ်နေတယ်” ဟုဆိုပါ သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် အရ ဒု-သမ္မတသစ် အဖြစ် အရွေးချယ် ခံရသည့် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် ယခင် ရာထူးဟောင်း ဖြစ်သော တပ်မတော်ရေ၏ စစ်ဦးစီးချုပ် ရာထူးမှ အလိုအလျောက် အငြိမ်းစား ယူရမည် ဖြစ်သည်။

“သူ့ကို ရွေးရမှာက စစ်တပ် ကိုယ်စားပြု (၂၅) ရာခိုင်နှုန်းသော လွှတ်တော် ကိုယ်စားလှယ် တွေကရွေးရမှာ၊ ဒါပေမဲ့ နောက် ကွယ်မှာ ကာ ကွယ်ရေး ဦးစီးချုပ်တို့ ရှိတယ်၊ ရှင်းရှင်းပြောရရင် စစ်တပ်သည် လွှတ်တော် တရပ်ကဲ့သို့ အာဏာရှိသည် ဆိုတဲ့ အချက်ကို ပြတာပဲလို့ ပြော ချင်ပါတယ်၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် တစ်ရပ်စီကနေ သမ္မတလောင်း ရွှေးပြီးသားပါ၊ ရှိပြီး သားပါ၊” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောပါသည်။

ဒု-သမ္မတသစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူး ကြီး မင်းအောင် လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ခဲ့ကြသော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ တက်ရောက်ခဲ့ခြင်း မရှိဟုဆိုပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့