Wednesday, August 15, 2012

ရာသီဥတုကြောင့် ဧရာဝတီတိုင်း လယ်သမားများ အကြွေးတင်ကာ ၀မ်းစာခက်ခဲနေ

14 August 2012

စဖန်းရှောင်း (ကေအိုင်စီ)

ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်း ၊ မြစ်ရေကြီးခြင်းတို့ကြောင့် မြန်မာနိုင်ငံ အရပ်ရပ်တွင် ရေကြီးမှုများ ကြုံတွေ့နေရ သည့်အထဲ ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူလယ်သမားများမှာ အကြွေးဝိုင်းကာ ၀မ်းစာရေး ခက်ခဲနေကြောင်း ၎င်းတို့၏ ပြောပြချက် အရ သိရသည်။

သြဂုတ်လ (၁)ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီ တိုင်းဒေသကြီးရှိ မြို့နယ်တော်တော်များများတွင် ရေကြီး၍ မြို့ ပေါ်ရပ်ကွက်များသာမက မြစ်ချောင်းနှင့်နီးသော ကျေးလက်တောရွာများတွင် ရေဘေးဒဏ် ရင်ဆိုင်ရသည့်အတွက် လယ်မြေများ၊ ခြံမြေ များ ရေနစ်မြုပ်မှုကာ တောင်သူများ စိတ်ပျက်နေကြရသည်။

ယခုလို ရေဘေးခံရသူများတွင် တောင်သူလယ်သမားများသာမက လက်လုပ်လက်စား နေ့စားအလုပ်သမားများပါ ဒုက္ခရောက်ကြ ရသည့် နည်းတူ ဧရာဝတီတိုင်းဒေသကြီးရှိ စပါး၊ မတ်ပဲ၊ ငှက်ပျော၊ ပီလောပီနံနှင့် ကွမ်း အဓိကထားစိုက်ပျိုးသော ညောင်တုန်း၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကျုံပျော်မြို့နယ်များရှိ လယ်မြေများ၊ ခြံမြေများအနက် အချို့မှာ ရေနစ်မြှပ်ကာ ပျက်စီးဆုံးရှုံးမှုများ ရှိ နေသည်။

ကျုံပျော်မြို့နယ် ဂဏိမ်းကျေးရွာရှိ လယ်စိုက်တောင်သူတစ်ဦးက “လယ် ၁၀ဧကရှိတယ်။ ၅ဧကတော့ ရေမြုပ်နေပြီ။ ကျန်တဲ့ ၅ဧက က ထွက်တဲ့စပါးကို စိုက်ပျိုးစရိတ် နုတ်လိုက်ရင် ၀မ်းစာတောင် လောက်ပါ့မလား မသိဘူး”ဟု ပြောသည်။

တောင်သူများ စပါးစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အဖြစ် ကောက်စိုက်ခ၊ ပျိုးနုတ်ခ၊ စက်သုံးဆီခ၊ ဓာတ်မြေသြဇာနှင့် နေ့စားခ တို့ ရှိပြီး ယင်း သို့ စိုက်ပျိုးထားသမျှမှာ ရေနှစ်မြုပ်ခြင်း၊ မိုးရွာသွန်းမှုများခြင်းနှင့် ထုတ်ကုန်သီးနှံများ ဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် စားဝတ်နေရေးအ တွက် အခက်တွေ့နေရသည်။

တောင်သူများအတွက် စိုက်ပျိုးရေးစရိတ်ကို အစိုးရမှ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ပေးသော်လည်း လောက်ငှမှုမရှိသဖြင့် အပြင်မှအ ကြွေးကို (၁၀)၊ (၁၅)ကျပ် အတိုးနှုန်းဖြင့် ချေးယူနေရကြောင်း၊ ယခုလို သီးနှံများ ပျက်စီးဆုံးရှုံးပြီး ဈေးနှုန်းကျ ဆင်းမှုကြောင့် မိမိတို့အနေ ဖြင့် များစွာ ဒုက္ခတွေ့နေရကြောင်း အဆိုပါတောင်သူက ဆက်လက်ပြောပြသည်။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးများပြီး ရေကြီးမှုများဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူဒေသရှိ အချို့နေ ရာများတွင်မူ စိုက်ပျိုးရေးအတွက် မိုးရေလုံလောက်စွာ မရရှိသေးပေ။ ၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ်များတွင် ယခင် ရေကြီးရေလျှံမှုများ ရှိသော်လည်း ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး ယခုနှစ်တွင်မှု ပျက်စီးမှု ပိုများကြောင်း သိရ သည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပြီး တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းများ ဆက်တိုက် ဖြစ် ပေါ်နိုင် ခြေရှိသောကြောင့် တတိယရေကြီးကာလ အောက်တိုဘာလအထိ သတိထားရမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒပညာရှင် ဒေါက်တာထွန်းလွင်က မြန်မာ့အလင်းသတင်းစာ၌ အသိပေးထားသည်။

ဧရာဝတီမြစ်ရေသည် ယနေ့ မွန်းလွဲ ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ ဟင်္သာတမြို့တွင် ၁၃၅၅စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေ မှတ်အထက် ၁၃စင်တီမီတာ ကျော်လွန်နေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲတွင် ဖော်ပြထားသည်။

Ref: ကေအိုင်စီ

0 comments:

အပေါ်သို့