Wednesday, August 15, 2012

ရေနက်ဆိပ်ကမ်းစီမံကိန်းဒေသရှိ သဘောတူညီမှုအချို့မှာ ကိုက်ညီမှုမရှိသေးဟု (၈၈)မျိုးဆက်ကထောက်ပြ

ထွန်းနေအောင် (မြစ်မခ)
15 Aug, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်မှုအတွက် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ ကုမ္ပဏီများ သဘောတူညီမှုရ ယူထားသည့်အချက်များမှာ ကိုက်ညီမှုမရှိကြောင်း ဒေသခံများက ဆိုသည်။

သဘောတူညီမှုယူရာတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်မည့်နေရာရှိ ကျေးရွာများနှင့် စိုက်ခင်းများ ဖယ်ပေးရမည့်အတွက် မှုလ အတိုင်းပြန်လည်တည်ဆောက်ပေးရမည်ဖြစ်ပြီး စိုက်ခင်းများကိုလည်း မှုလအတိုင်း ပြန်လည်စိုက်ပျိုးပေးရမည်ဆိုသည့် အချက်ပါဝင် ကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။

''သီဟိုဋ်ခြံရှိတဲ့သူဆိုရင် ပြန်စိုက်ဖို့မြေနေရာပြန်ပေးရမယ်။ ပြီးရင် အဲဒီကနေ အသီးမဖြစ်ထွန်းခြင်း ကို တစ်လချင်းတစ်လချင်း နစ်နာကြေးပြန်ပေးရမယ်။ အိမ်တွေကိုလည်း ပုံစံသတ်မှတ်ပေးပြီးသား။ ပြန်ဆောက်ပေးရမယ့်ဟာက ပုံစံတူနှစ်ထပ် တိုက်ပြန် ဆောက်ပေးရမယ်။ နှုန်းတွေကတော့ ကွာသွား တယ်။ ဂရိတ် အေဘီစီဆိုပြီးတော့ ခွဲထားတယ်။'' ဟု (၈၈)မျိုးဆက်ကျောင်း သား ကိုချစ်ကိုလင်းက ထားဝယ်ရေနက်ဆိပ်ကမ်းဒေသမှ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ ပြောသည်။

ယခုလက်ရှိတွင် အိမ်များအား သတ်မှတ်ချက်အတိုင်း တည်ဆောက်နေခြင်းမရှိပဲ ဆောက်လုပ်ထား သောအိမ်များမှာ တန်းဖိုး နည်းပါးစွာဆောက်လုပ်နေခြင်းကြောင့် အိမ်များသည် ခိုင်ခံ့မှုမရှိပဲ ဆောက်လုပ်မှု မပြီးခင်မှာပင် လေတိုက်၍ ယိုင်သွားခြင်း၊ ပြိုလဲခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း (၈၈)မျိုးဆက်ကျောင်းသားများထံက သိရှိရသည်။

နေအိမ်များအစားထိုးပြန်လည်ဆောက်ရာတွင် ဒေသမှထွက်ရှိသည့် အုတ်များဖြင့် တည်ဆောက် ခြင်းဖြစ်ပြီး ကွန်ကရစ် အုတ်ပုံ စံများဖြစ်ကြောင်းနှင့် အိမ်တိုင်များထောင်ရာတွင် ကျောက်လောင်း၍ ထောင်ရမည် ဖြစ်သော်လည်း အော်ရီဂျင်နယ်အတိုင်း မူလီဆုပ်ကာ အထက်အောက်ထူထားကြောင်း သိရှိရသည်။

''ယိုင်သွားတဲ့အိမ်ကဘယ်လိုမျိုးလဲဆိုတော့ တိုင်တွေဆိုရင်ကျောက်လောင်းရမယ်။ ကျောက်မလောင်း ပဲနဲ့ အော်ရီဂျင်နယ် အတိုင်းကို မူလီဆုပ်ပြီး ပြန်ဆက်တယ်။ အပေါ်အောက် ဆိုရင်တိုင်က ဝမ်းဆက် ဖြစ်နေရမယ်။ အဲလိုမဟုတ်ပဲနဲ့ အောက် အတွက်ကတစ်တိုင် အပေါ်အတွက်ကျတော့ တစ်တိုင်ဖြစ်နေတယ်။ အဲ့ဒါကြောင့် ပြိုလဲတာတွေ ဖြစ်ကုန်တာ။''ဟု ကိုချစ်ကိုလင်း က ဆက်လက်ပြောကြားသည်။

ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်အတွက် နေရာပြောင်းရွှေ့ပြီး အိမ်များပြန်လည် တည်ဆောက် ပေးခြင်းများကို ကျေနပ်လက်ခံ သည့် ရွာများရှိသလို မပြောင်းရွှေ့လိုသည့် ရွာများလည်းရှိကြောင်း သိရှိရသည်။

''ကျင်းမော်တို့ဘာတို့ဆိုရင် တစ်ရွာလုံးက လက်မခံဘူး။ ဘဝါတို့ဘက်တွေကျတော့ လက်ခံတဲ့ သူလည်းရှိတယ်။ လက်မခံတဲ့သူ တွေလည်း ရှိတယ်။ တချို့ဆိုရင် အိမ်နံပါတ်တွေတောင် ကြိုရောင်း ပြီးသွားပြီ။”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် ဧက အကျယ်အဝန်းမှာ(၆၁၇၇၅)ဧကဖြစ်ပြီး ကုမ္ပဏီများမှအစိုးရသို့ (၁)ဧကလျှင် (၆၇၅) ကျပ် ပြန်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လအတွင်းတွင် ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းအတွက် ဝန်ကြီးအဆင့်ရှိ တာဝန်ရှိသူများ အစည်းအဝေးပြု လုပ်ကာ လိုအပ်ချက်များအား ဆွေးနွေးတိုင်ပင်ကြမည်ဖြစ် ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့