Wednesday, August 15, 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဆိုင်ရာဥပဒေခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့အား နှုတ်ထွက်ရန် သမ္မတထံသ၀ဏ်လွှာပေးပို့

15 Aug, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်းခြင်းကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဆိုင်ရာဥပဒေခုံရုံး ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များအား သြဂုတ်လ(၂၁) ရက်နေ့ နောက်ဆုံး ထားနှုတ်ထွက်ပေးရန် နိုင်ငံတော်သမ္မတထံသို့ သ၀ဏ်လွှာပေးပို့ အကြောင်း ကြားမည် ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြား ခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (Constitutional Tribunal of the Republic of the Union of Myanmar) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်သော ကြောင့် စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃ဝ၁)ဦးက လက်မှတ်ရေးထိုးတင်ပြသည့် အပေါ်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ လွှတ်တော်အစည်းအဝေး (၂၆)ရက်မြောက်နေ့တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိုယ်စားလှယ်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်အချို့လည်း ပါဝင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးက လက်မှတ် ရေးထိုးတင်ပြခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-(၃၃၄)၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် ( ၂ ) ပါ ပါ ပြဌာန်း ချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ( င )အရ ပေးအပ်ထားသော တာဝန်များအား ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၃၀၀)ကျော်က လွှတ်တော်အခွင့်ရေး ကော်မတီမှ တင်ပြခဲ့ကြောင်းကိုလည်း သိရှိရသည်။

သို့သော် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် ဆက်စပ်သော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၄င်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှုတ်ထွက်ပေး ရန်စေရန် နိုင်ငံတော်သမ္မတထံသို့ အကြောင်းကြားပေးမည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခင် ပြီးခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးကျင်းပစဉ်ကာလကတည်းကဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး အား စွပ်စွဲ ပြစ်တင်ရန် ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော်အစည်းအဝေးရပ်နားခဲ့ခြင်း ကြောင့် အထမြောက်ခဲ့ခြင်း မရှိ ကြောင်း ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရှိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး က ဆုံးဖြတ်ခဲ့သည့် လွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်အား ပြည်ထောင်စု အဆင့်မဟုတ်ဟု သတ်မှတ်ခဲ့သည့်အပေါ်တွင် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေများတွင် အတိအလင်း ပြဌာန်းထားသည့် ပြဌာန်း ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်မှုသာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ခုံရုံးနှင့်ပတ်သက်၍ ပြောကြားကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား နေပြည်တော်ရုံးအမှတ်(၅၄)တွင်ဖွင့်လှစ်ထားပြီး ဥက္ကဋ္ဌမှာ ဦးသိန်းစိုးဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့