Thursday, August 16, 2012

နန့်နင်းကုန်စည်ပြပွဲတွင် ဆန်တင်ပို့ခွင့်အတွက်တရုတ်နှင့် နားလည်မှုစာချုပ်ချုပ်ဆိုမည်

ရန်နိုင်(မြစ်မခ)
16 Aug, 2012

မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့်တရားဝင်ဆန်တင်ပို့ခွင့်ရရှိရန် နှစ်ဘက် နားလည်မှုစာချုပ် (MOU)လက်မှတ် ရေးထိုးရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းက စုံစမ်းသိရှိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ကွမ်ရှီးပြည်နယ်နန့်နင်းမြို့တွင်စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည့်( ၉)ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင်နှစ်နိုင်ငံ ဆန်တင်ပို့ခွင့် (MOU) Memorandum Of Understanding နား လည်မှုစာချုပ်ကိုလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့်စာချုပ် ချုပ်ဆိုသွား မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“နှစ်နိုင်ငံ ဆန်တင်ပို့ခွင့်အတွက်နားလည်သဘောတူညီမှု စာချုပ်ချုပ်ဆိုသွားဖို့ရှိတယ်လို့ ဝန်ကြီးက ပြီးခဲ့တဲ့အစည်းအဝေးတစ်ရပ်မှာ ပြောကြားခဲ့တယ်” ဟုမြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးချစ်ခိုင်ကပြောကြားခဲ့သည်။

အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများ အသင်းဥက္ကဌကိုယ်တိုင်တက်ရောက်မည်ဖြစ်သည်။

၎င်းစာချုပ်ကို ချုပ်ဆိုလိုက်မည်ဆိုပါက တရုတ်-မြန်မာနယ်စပ်မှနေ၍တရားမဝင်ဆန်တင်ပို့နေသည့် ဈေးကွက်နှင့် မြန်မာဘက် မှ တင်ပို့သောဆန်များအား ဈေးနှိမ်ဝယ်ယူမှုများလည်း ပပျောက်သွားနိုင် ကြောင်း ၄င်းကထပ်မံပြောသည်။

နယ်စပ် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွင် မြန်မာ့ဆန်များကိုတရားဝင်တင်ပို့ခွင့် ရမည်ဆိုပါက ဆန်တင်ပို့သည့် ဈေးကွက်တွင်မြန်မာ့ဆန်ဈေးနှုန်း အတိုင်းအတာတစ်ခုအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ဆန်ကုန်သည်ကြီးများက ဆိုသည်။

“အခုလို တရုတ်-မြန်မာ နှစ်နိုင်ငံ ဆန်တင်ပို့ခွင့်အတွက်စာချုပ်ချုပ်ဆိုမယ်ဆိုတာသိရတော့ ဝမ်းသာကြိုဆိုပါတယ်။ လက်ရှိမှာ ကတရားမဝင်နဲ့ တင်ပို့နေကြတာဆိုတော့ သူတို့ နှိမ်တဲ့ ဈေးနှုန်းနဲ့ပဲတင်ပို့နေကြရတာလေ။ စာချုပ်ချုပ်ဆိုပြီးရင်တော့ သင့်တော် တဲ့ဈေးနှုန်းတစ်ရပ် ဖြစ်ပေါ်လာမှာပါ” ဟုရွှေလီမြို့မှဆန်ကုန်သည်ကြီးတစ်ဦးဖြစ်သူ ဦးတင်စိန်က ပြောသည်။

လက်ရှိအချိန်အထိ တရုတ်-မြန်မာ နယ်စပ်မှနေ၍ နေ့စဉ် တရုတ်ပြည်အတွင်းသို့နည်းလမ်း အမျိုးမျိုးဖြင့် တရားမဝင်ဆန်တင်ပို့မှု များရှိနေပြီးတရုတ်ပြည်ဘက်မှ ကုန်သည်များက မြန်မာဘက်မှအများဆုံးတင်ပို့သော ဆန်ကြမ်းအမျိုးအစား၊ ပေါ်ကျွဲဆန်၊ ပေါ်ဆန်း နှင့်အခြားဆန်အမျိုးအစားများ ကို ဈေးနှိမ်ဝယ်ယူမှု များရှိနေကြောင်းရွှေလီမြို့ရှိဆန်ကုန်သည်ကြီးများထံက သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့