Tuesday, September 18, 2012

ယာဉ်စည်းကမ်းထိန်းသိမ်းသူများ၏ အားနည်းချက်ကြောင့် ယာဉ်စည်းကမ်းဖောက်မှုများနေခြင်းဖြစ်

ယမင်း (မြစ်မခ)
17 Sep, 2012

ရန်ကုန်တိုင်းဒေသကြီးတွင်း ခရီးသည်တင်ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်းနှင့်ယာဉ်စည်းကမ်း ထိန်းသိမ်းသူများ၏ အားနည်းချက်များ ကြောင့် ယာဉ်စည်းကမ်း မလိုက်နာမှုများဖြစ်ပေါ်ကာ ခရီးသွားပြည်သူများအနေဖြင့် သွားလာရေး အခက်အခဲများ နေ့စဉ်နှင့်အမျှကြုံ တွေ့လျှက် ရှိကြောင်းသိရသည်။

ယာဉ်စည်းကမ်းထိန်းသိမ်းသူများအနေဖြင့် ယာဉ်လိုက်ဖြတ်ပိုင်းမပါပဲ ယာဉ်နောက်လိုက်နေသူများအား နားလည်မှုဖြင့် ဆောင်ရွက် ပေးလျှက်ရှိကြောင်း ယာဉ်နောက်လိုက်တစ်ဦးထံက သိရသည်။

“စည်းကမ်းဖောက်တယ်ဆိုရင် ယာဉ်စည်းကမ်းက ဖမ်းပေမဲ့ ချက်ချင်းပိုက်ဆံပေးလိုက်လို့ ချလံမဖြတ်ပေးတာတွေ၊ ချလံဖြတ်ပေး ပေမယ့် ညနေပိုင်းဆိုရင် ရုံးမှာ ပိုက်ဆံပေးပြီးရွေးလို့ရတယ်၊ ချလံတခါဖြတ်ပြီးသွားရင်လည်း စည်းကမ်း ထိန်းသိမ်းသူတွေက နောက်ထပ် မဖမ်းတော့လို့ စည်းကမ်းချိုးဖောက်မှုတွေ များလာတယ်လို့ ထင်တယ်”ဟု(၂ဝ၂)ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။

လက်ရှိခရီးသည်တင်ယာဉ်များအား ရိုးရိုးနှင့် အထူးယာဉ်လိုင်း ဟူ၍ နှစ်မျိုးခွဲခြားထားသော်လည်း အထူး ယာဉ်လိုင်းသည် ရိုးရိုး ယာဉ် လိုင်းများနည်းတူ ခရီးသည်ပိုမိုတင်ဆောင်ခြင်း၊ ရပ်တန်မှုကြာမြင့်ခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်း သိရသည်။

''ရန်ကုန်မှာ လူတိုင်းလိုလိုက လိုင်းကားစီးကြတယ်။ လိုင်းကားတွေက အမိုးမလုံတာတွေကြမ်းခင်းတွေ ပျက်နေ တာတွေရှိတယ်။ အဲဒါတွေကိုမပြုပြင်ကြဘူး။ အရေးယူမှုတွေလည်း မရှိဘူး။''ဟု မြောက်ဥက္ကလာပ မြို့နယ် (၅)လမ်း တွင် နေထိုင်သူ ဦးငွေလွင်က ပြောသည်။

ခရီးသည်တင်ယာဉ်များတွင် ခေါင်းမိုးများမှ မိုးရေယိုကျခြင်း၊ မှန်တံခါးများ ဖွင့်နိုင်ပိတ်နိုင်မူမရှိခြင်း၊ ထိုင်ခုံများ ပျက်စီးနေခြင်း၊ အခင်း ကြမ်းခင်းများ ပျက်စီးခြင်းများရှိနေကြောင်း ခရီးသည်များက ဆိုသည်။

''အထူးကားဆိုရင် ခရီးသည်လည်း ပိုတင်သေးတယ်။ ရှေ့ကလိုင်းတူကားကိုလည်း လိုက်ကျော် မောင်းသေးတယ်။ ဟိုတစ်နေ့ ကဆို အရှိန်ပြင်းပြင်းမောင်းလာပြီး ကလေးကားလမ်းဖြတ်ကူးတာ အနီးရောက်မှ ဘရှိတ်အုပ်လိုက်တာ ခရီးသည်တွေ လက်နာ တာတို့၊ အချင်းချင်းထိခိုက်မိတာတွေဖြစ်ကုန်တယ်။ စည်းကမ်းထိန်းသိမ်းရေးတွေက ပိုက်ဆံပေးရင် လွှတ်ပေးနေတာပဲ။ အဲဒါ ကြောင့် ကားသမားတွေလည်း စည်းကမ်းကို မလိုက်နာကြတော့ဘူး'' ဟု ဗဟန်းမြို့တွင် နေထိုင်သူ မသင်းသင်းဆွေက ၄င်းအ တွေ့အကြုံကို ပြောသည်။

ယာဉ်မောင်းများအနေဖြင့်လည်း လမ်းများတွင် ခရီးသည်တင်ယာဉ်လိုင်းတူခြင်း ကျော်တက်ရန် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်းများရှိလာကြောင်းနှင့် ယာဉ်နောက်များမှာလည်း ခရီးသည်များအား ဆက်ဆံရာတွင် ရိုင်းပြသော အပြု အမူများ၊ မှတ်တိုင်များတွင် ခရီးသည်များတင်ဆောင်ရာ၌ ယာဉ်ပေါ်သို့ မရောက်မှီ ထွက်ခွာခိုင်းခြင်းများ နေ့စဉ်ဖြစ်ပေါ် လျှက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ ယာဉ်တွေစည်းကမ်းလိုက်နာဖို့ခရီးသည်တွေနဲ့ ပြေပြေပြစ်ပြစ်မရှိတာတွေကို တိုင်ကြားလာရင်တော့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ပေးပါတယ်။'' ဟု မထသ (ဗဟို)ကော်မတီမှ ဥက္ကဌ ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့တော်ရှိ ယာဉ်ကြော(၃)ကြောရှိသည့်လမ်းများ၌ ယာဘက်ယာဉ်ကြောသည် တစ်နာရီမိုင်(၂ဝ)နှုန်း ဖြစ်ပြီး၊ အလယ် ယာဉ်ကြောသည် တစ်နာရီမိုင်(၃ဝ)နှုန်းဖြစ်ကာ ဝဲဘက်ယာဉ်ကြောသည် ကျော်တက်ချိန်၌တစ်နာရီမိုင်(၄ဝ)နှုန်း သတ်မှတ်ထား ကြောင်း သိရသည်။

မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များအနေဖြင့် စည်းကမ်းထိန်းသိမ်းမှုများပြုလုပ်စဉ် ရက်ပိုင်း၊ နေ့ပိုင်း အတွင်းသာ လိုက်နာ မှုရှိပြီး အချိန်ပြည့် စည်းကမ်းလိုက်နာမှုမရှိကြောင်းကိုလည်း သိရှိရသည်။



Ref: မြစ်မခ

0 comments:

အပေါ်သို့