Wednesday, September 19, 2012

စစ်တွေထောင်မှ ပုဒ်မ(၁၄၄)ပြစ်ဒဏ်ကျခံရသူများနှင့် နိုင်ငံခြားသားတစ်ရာကျော် လွတ်မြောက်

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
19 Sep, 2012

ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၁၄) ဦးကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းသိရသည်။

၎င်းအနက် မြန်မာ့ရေပိုင်နက်သို့ တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ထိုင်းနိုင်ငံသားများလည်းပါဝင်သည်။

၎င်းတို့မှာ ဇူလိုင်လ (၂၀)ရက်နေ့က မြန်မာရေပိုင်နက်သို့ စက်လှေဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)မှ ဖမ်းမိခဲ့ရာ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှင့် ထိုင်းနိုင်ငံသားအား ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက် ပုဒ်မ(၁၃)(၁) အရအရေးယူခဲ့ခြင်း ဖြစ်သည်။

စက်လှေတွင် ထိုင်နိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံက (၃)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉၁)ဦး ပါဝင်သည်။

“စစ်တွေ အကျဉ်းထောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၁၄)ဦး၊ထိုင်းငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၃) ဦး၊ပြီးတော့ ဘူးသီး တောင် အကျဉ်းထောင်က (၅)ဦးလွတ်ပါတယ်”ဟု ရခိုင်ပြည်နယ် သတင်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးကောင်းစံရွှီက ပြော သည်။

စက်တင်ဘာလ (၁၇)ရက်နေ့က စစ်တွေ အကျဉ်းထာင်မှ လွတ်ပေးလိုက်သည့် အကျဉ်းသား(၁၆၆)ဦးအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား(၁၁၄)ဦး ပါဝင်ခြင်းဖြစ်သည်။

၎င်းတို့အနက် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်း(၃)ဦးလည်း စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည်။

အလားတူ ညမထွက်ရအမိန့်ပုဒ်မ(၁၄၄)ဖြင့် ပြစ်ဒဏ်ကျခံရသူများအနက်(၄၆)ကိုလည်း စစ်တွေ အကျဉ်းထောင်မှ လွှတ် ပေးလိုက်သည်။ ၄င်းတို့သည်နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့်မဟုတ်ဘဲ အယူခံဖြင့် လွတ်လာခြင်းဖြစ်သည်။

သို့သော် အကျဉ်းထာင်မှ လွတ်မြောက်လာသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသားများကို ပြည်နှင်မိန့်မရမီ ချုပ်နှောင်ခြင်းဥပဒေ ပုဒ်မ ၂(၁) ၂(၂) တို့အရ အကျဉ်းထောင်တွင် ခဏချုပ်ထားဆဲဖြစ်သည်။

စက်တင်ဘာလ(၁၇)ရက်နေ့တွင် မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများလည်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်မြောက်လာခဲ့သည်။

အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ် မပျက်ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၂၀၄(က)နှင့်အညီ အကျည်းထောင်အသီးသီးမှ အကျည်းသားပေါင်း (၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ် လွတ်ငြိမ်းချမ်း သာခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ တရားမဝင် ဝင် ရောက်လာ သူများဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမဝင်သွားရာတွင် မြန်မာ့ ရေပိုင်နက်တွင် ဖမ်းဆီးရမိသူများလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၆၀)ကို ပြည်နှင်လွှတ်ပေးခဲ့သည်။

သြဂုတ်လ(၁၇) ရက်နေ့ကလည်း ရခိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့စည်းများမှ အစ္စလာမ်ဘာ သာဝင် ဒေသခံဝန်ထမ်းအချို့ကိုလည်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ပေးခဲ့သည်။

သို့သော် အရေးကြီးသော နိုင်ငံရေးအကျဉ်းသားများ ကျန်နေသေးကြောင်း ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီမှ အတွင်းရေး မှူးဦးခိုင်ပြည်စိုးက ဆိုသည်။

“နိုင်ငံရေးအကျည်းသား အများအပြားမရှိတော့ပေမယ့် လွှတ်ပေးသင့်တဲ့လူတွေ ရှိတယ်၊ သူတို့ လွှတ်ချင်ရင် ဗမာပြည်မှာနိုင်ငံရေး အကျဉ်းသားတွေအများကြီးရှိတယ်၊သူတို့လွှတ်ပေးသင့်တာပေါ့’’ ဟု ၄င်းက ပြောသည်။

အကျဉ်းထောင်အသီးသီးတွင် အကျည်းကျခံနေရသည့် အကျည်းသားအများအပြားကို ၂၀၁၂ ဇန်နဝါရီ ၃ရက်နေ့ တစ်ကြိမ်၊ ဇန်နဝါရီ (၁၃)ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင်လ (၃)ရက်တွင် တစ်ကြိမ် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။ ယခု အကြိမ်သည် စတုတ္တမြောက်ပြစ်ဒဏ် လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ခြင်းဖြစ်ရာ နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ကြောင်းသိရ သည်။

Ref:

0 comments:

အပေါ်သို့