Friday, September 21, 2012

အခွင့်ကြုံက ဆက်လုပ်ဦးမည်ဟုဆိုသည့် ပါဖောမန့်အနုပညာတင်ဆက်သူ

မင်းမင်းလတ်(မြစ်မခ)
20 Sep, 2012

မန္တလေးချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းမှ ခေတ္တခေါ်ယူမေးမြန်းခြင်းခံရသော ပါဖောမင့် အနုပညာတင်ဆက်သူ စူးမြင့် သိန်းအား တစ်နာရီခွဲခန့်ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သောငြိမ်းချမ်းရေးသရုပ်ဖေါ်ခဲ့ခြင်းကြောင့် ယခုလိုခေါ်ယူ မေးမြန်းခံခဲ့ ရခြင်းဖြစ် သည်။

တစ်နာရီခွဲခန့် မေးမြန်းမှုများပြုလုပ်ပြီးနောက် စခန်းမှပြန်ထွက်လာသောစူးမြင့်သိန်းကို မီဒီယာသမားများက (၃)မိနစ်ခန့် တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။

“ကျန်းမာရေးကြောင့်ပါတဲ့၊ ကျွန်တော့်ကို ရဲမှူးကြီးက ပြောပါတယ် ဒီမှာအေးအေး ဆေးဆေး အနားယူပါလို့ ပြောတယ် ခံဝန် လက်မှတ်တော့ မထိုးခဲ့ရဘူး ၊ကိုယ်ရေးအကျဉ်းဖြည့်ခဲ့ရတယ်” ဟု ၄င်းက အမှတ်(၈) ရဲစခန်း အပေါက်တွင်ဖြေကြားခဲ့သည်။

အနုပညာတင်ဆက်သူ စူးမြင့်သိန်းတွင် ကျန်းမာရေးတစ်စုံတစ်ရာယိုယွင်းမှု မရှိကြောင်း ၎င်းကိုယ်တိုင်က ပြောကြားခဲ့သည်။

“ဘာမှ မရှိပါဘူး ၊ အားလုံးကောင်းပါတယ်။ သူတို့ကတော့ စိုးရိမ်လို့ရပ်ခိုင်းတာလို့ ပြောတယ်” ဟု ဆက်လက် ပြောကြားသည်။

တစ်ကမ္ဘာလုံးစစ်ပွဲတွေဖြစ်ပွားနေတာ၊ လူတွေငြိမ်းချမ်းဖို့ ၊ဒေါသတွေငြိမ်း သွားအောင်လို့ တင်ဆက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မန္တလေးမြို့မှ အနုပညာသမားတစ်ဦးဖြစ်သူ ညီပုလေးကစိတ်ချမ်းသာမှုများရှိမှ အနုပညာများ ဖန်တီး နိုင်မှုရှိမည်ဖြစ်ကြောင်းဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ အနုပညာဖန်တီးနိုင်ခွင့်ရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ပန်းချီပြပွဲတွေမှာလဲ ပြသခွင့်မရတဲ့ ကားတွေရှိတယ် ၊ဒီလိုမျိုးတွေ ရှိနေရင် အနုပညာတင်ဆက်မှုတွေ လျော့လာနိုင်တယ်” ဟု ညီပုလေးကပြောကြားသည်။

အနုပညာတင်ဆက်မှုများကြောင့် ယခုအကြိမ်သည် (၃)ကြိမ်မြောက်ခေါ်ယူမေးမြန်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် အကြိမ်ကမလေးရှား နိုင်ငံသားများနှင့်အတူ မန္တလေးကျုံးဘေးတွင် ပြုလုပ်ခဲ့သောအနုပညာတင်ဆက်မှုတွင်လဲ စူးမြင့်သိန်းအား ခေါ်ယူမေးမြန်း ခြင်းခံခဲ့ ရပြီးတရားရုံးတင်ရန်အထိ ကြိုးစားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ ချမ်းအေးသာစံမြို့နယ်အပိုင်အမှတ်(၈)ရဲစခန်းမှ တာဝန်ရှိသူများကို တွေ့ဆုံခွင့် တောင်းခံခဲ့သော လည်းမီဒီယာနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

“ကျွန်တော်ကတော့ ပါဖောမင့်အနုပညာသမားပါ နောက်ထပ် အခွင့်အရေးကြုံရင်ဆက်လုပ်သွားမှာပါ”ဟု အနုပညာတင်ဆက်သူ စူးမြင့်သိန်းက ပြောကြားခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့