Wednesday, September 19, 2012

ဂျာဆိုင်းအိန်သေဆုံးမှုကြောင့် ဖားကန့်မြို့နယ်ရှိ ကျောင်းသားများ ကျောင်းပြောင်းရွှေ့

ဂျာတော့(ပ်)- ကချင်ပြည်နယ်(မြစ်မခ)
19 Sep, 2012

နဝမတန်း ကျောင်းသူ ဂျာဆိုင်းအိန်သေဆုံးမှုကြောင့် ဖားကန့်မြို့နယ်ရှိ ကျောင်းသားများ ကျောင်းပြောင်းရွှေ့ နေကြသည်ဟု သိရ သည်။

ဖားကန့်မြို့ရှိ အကြီးဆုံးအဆောင်တစ်ခုဟုဆိုရသော ကျေးဇူးတော်အဆောင်မှ ကျောင်းသားများလည်း စက်တင်ဘာလ(၂၀)ရက် နေ့တွင် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အဆောင်မှူးဆရာမဘောက်ထွယ်က ပြောသည်။

၎င်းအဆောင်တွင် ကျောင်းသားစုစုပေါင်း(၁၉၀)ဦး ရှိပြီး၊ ဖားကန့်မှ မြစ်ကြီးနားမြို့နယ်ရှိ အထက(၁)ကျောင်းသို့ စာရင်းသွင်းထား ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီကျောင်းသူကိစ္စဖြစ်ပြီး နောက်နေ့ဆို ကျောင်းသားတွေ အားလုံးနီးပါး ပြောင်းကုန်ကြတယ်။ တချို့ကလည်း ကျွန်မတို့ မပြောင်း ခင်ကတည်းက ပြောင်းကြတဲ့သူတွေလည်း အများကြီး”ဟု ဆရာမ ဘောက်ထွယ်က ပြောသည်။

ဖားကန့်မြို့တွင် နောင်ရိုး၊ အမေ့အရိပ်၊ ထွန်းတောက်ကြယ် အစရှိသည့် နာမည်ကြီး အဆောင်များသည် အဆောင်တစ်ခုလုံး မပြောင်းရွှေ့သော်လည်း အဆောင်နေကျောင်းသားအချို့ ပြောင်းရွှေ့နေကြောင်း သိရသည်။

ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာရှိ ကျောင်းသား (၃)ထောင်ခန့်ရှိ အလက ကျောင်းမှ ကျောင်းသားတစ်ချို့လည်း ပြောင်းရွှေ့နေ ကြသည်။

“ကျွန်မ အခန်းကတော့ ဘယ်သူမှ မပြောင်းဘူး။ ဒါမယ့် အခြားအခန်းက ကျောင်းသားတချို့တော့ ပြောင်းနေကြတယ်။”ဟု ပဉ္စမတန်း အတန်းပိုင်ရှင် ဆရာမ ဘောက်ရာက ပြောသည်။

ကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးပြီးနောက်တစ်နေ့ ဖားကန့် အ.ထ.ကကျောင်းလည်း တစ်ရက် ပိတ်ထား လိုက်ရပြီး ယခု ပုံမှန်ကျောင်းဖွင့်နေပြီ ဖြစ်သည်။

စက်တင်ဘာလ (၁၃) ရက် ညနေ (၅) နာရီချိန် ပြင်းထန်သည့် လက်နက်ကြီး ပေါက်ကွဲလွင့်စင်လာ သောကြောင့် ဒေသခံ (၈)ဦး ဒဏ်ရာရပြီး ကျောင်းသူ (၁) ဦးသေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် မြို့ခံနေ ပြည်သူများထိတ်လန့်နေဆဲဖြစ်သည်။

“ဒီမှာနေဖို့ကလည်း ကြောက်တယ်။ ဟိုတလောကဆို မော်ဝှမ်းမှာ အခြေအနေအရမ်းဆိုးသွားတယ်။ နိုင်ငံရေးအခြေအနေ မကောင်းတော့ ကျောင်းတစ်ဝက်မပျက်မဖြစ်စေချင်ဘူး။ အဲ့တာကြောင့် ပြောင်းတာ။ နောက်နှစ်ဆိုရင်တော့ ဖားကန့်မှာပဲ ကျောင်းပြန်တက်ခိုင်းပါ့မယ်။” ဟု ဆရာမ ဘောက်ထွယ်ကပြောသည်။

ဖားကန့်မြို့ရှိ ကျောင်းများတွင် ယခုလက်ရှိထိ ကျောင်းပြောင်းလက်မှတ်ရယူနေရဆဲဖြစ်ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့