Friday, September 21, 2012

ခရီးသည်တင် CNG ယာဉ်လိုင်းများ၌ ဂတ်စ်အိုးအားလုံး ပြိုင်တူဖွင့်၍ အသုံးပြုရန်လို

ထက်အောင်ခန့် (မြစ်မခ)
20 Sep, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများရှိ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များမှာ ကားများ တွင်တပ်ဆင်ထားသည့် CNG အိုးများအား စနစ်တကျ အသုံးမပြုတတ်သေးကြောင်း မထသ(ဗဟို)က သိရှိရသည်။

“သူတို့ဂတ်စ်ကိုအသုံးပြုပြီး မှားယွင်းနေတဲ့စနစ်က အိုးပိတ်တဲ့စနစ်ပါ။ အမှန်ကအိုးထဲမှာ ဂတ်စ်က တပြေးညီရှိနေရမယ်။ သုံးရင် လည်း တပြေးညီ သုံးရမယ်။ သူတို့ အသုံးပြုနေတာ တစ်လုံးကုန်ရင် တစ်လုံးပိတ်ပြီး နောက်တစ်လုံးကို ဖွင့်တယ်။ တကယ်အသုံး ပြုရမှာက အိုးတွေကိုအကုန်ဖွင့်ပြီးတော့ အသုံးပြုရမှာပါ” ဟု မထသ(ဗဟို)ရှိ စည်းကမ်းထိန်းသိမ်းရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဂတ်စ်အိုးများအား အသုံးပြုရာတွင် ဂတ်စ်များ တပြေးညီလျော့သွားစေရန် အိုး အားလုံးကို အကုန် ဖွင့်ထားရမည်ဖြစ်ပြီး ထို့နောက် ဂတ်စ်အနည်းအများသိရှိစေရန်အတွက် မီတာဘားကို ကြည့်ရှုရမည် ဖြစ်သည်။

ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအနေဖြင့် မီတာဘားများကြည့်ရှုသည့် အလေ့အထမရှိကြောင်းကိုလည်း သိရှိရသည်။

“CNG ဂတ်စ်ဟာ လေထက် ပေါ့တဲ့အတွက် မီးနှင့်မတွေ့ရင် အန္တရယ်မရှိပါဘူး။ သူ့ဘာသာသူကြာရင် အငွေ့ပျံသွားမှာပါ။ မီးနဲ့ မတွေ့သေးသမျှ လူတွေကို အန္တရယ်မဖြစ်ပါဘူး။”ဟု ဗဟိုစည်းကမ်းထိန်းသိမ်း ရေးဋ္ဌာနမှ ဦးကာကျော်က ပြောသည်။

CNG အသုံးပြုပုံနှင့်ပတ်သက်၍ MOGE မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက မထသမှ ယာဉ်လုပ်သားများအား အခြေခံသင်တန်း၊ မွမ်းမံသင်တန်းခေါ်ယူစဉ်ကာလ၌ သင်ကြားပေး လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဂတ်စ်အသုံးပြုပုံလွဲမှားနေမှုအား တွေ့ရှိပါက အကြံပြုနိုင်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

စက်တင်ဘာ(၉)ရက်နေ့က စစ်မှုထမ်းဟောင်း(အတွင်း) ယာဉ်လိုင်းမှ ယာဉ်အမှတ်(ထ/၈၇၅)သည် ဂတ်စ်အိုးမှ ပိုက်ချို့ယွင်း ကာ ဂတ်စ်ငွေ့များ ထွက်လာသည့်အတွက် လမ်းကြုံလိုက်ပါလာသော ယာဉ် ပေါ်တွင် ပါရှိသည့် ခရီးသည်(၃)ဦးမှာ အထိတ် တလန့်ဖြစ်ကာ ကားပေါ်မှ ခုန်ဆင်းသည့် အတွက် ကျား(၁) ဦးမှာ သေဆုံးသွားပြီး၊ မ (၁) ဦး ကျား (၁) တစ်ဦးမှာ ဒဏ် ရာရရှိသွားကြောင်း သိရသည်။

မထသ(ဗဟို)နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် စည်းကမ်းချက်များချမှတ်ကာ ခရီးသည်တင်ယာဉ်များအား လိုက်လံစစ်ဆေး အရေးယူလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်မော်တော်ယာဉ်များအား ၂၀၀၅ ခုနှစ်မှ စတင်ပြီး CNG မော်တော်ယာဉ်များအဖြစ် စတင်ပြောင်းလဲ တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့