Wednesday, September 19, 2012

နယ်စပ်ကုန်သွယ်ရေး ‘နှစ်ဆတိုးရန်’ ထိုင်း မျှော်မှန်းထား

ပက်ချာနတ်ပရာထရန်ကရိုင်း၊
စက်တင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ်

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးကို ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆတိုးကာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ အထိ ရှိလာစေရန် ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ထိုအချိန်တွင် ပေါ်ထွက်လာမည့် အာဆီယံ စီးပွါးရေး အသိုင်းအဝိုင်း (AEC) ကြောင့် ပေါ် ထွက်လာမည့်ကျယ်ပြန့်သော ဈေးကွက်ကြီးများကို မျှော်ကာ ထိုသို့ ရည်ရွယ် မှန်းဆထားခြင်း ဖြစ်သည်။

“AEC မတိုင်ခင် ပေါ်ပေါက်လာမယ့် ပိုမိုနီးစပ်တဲ့ စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ် ရေးဟာ ထိုင်းနိုင်ငံအတွက် ပိုပြီး အရေးပါလာဦးမယ်။ နောက်ထပ် အာဆီယံနိုင်ငံတွေ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ တို့က အကောက်ခွန်တွေကို လျှော့ချနေကြပြီး ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးကိုလည်း ပိုပြီး မြှင့်တင် လုပ်ဆောင်ဖို့ လိုလာနေပါတယ်” ဟု ထိုင်းနိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ ဥက္ကဋ္ဌ အော်လန်းချိုင်ပရာဗတ် (OlarnChaipravat) က တနင်္လာနေ့ က ပြောကြားလိုက်သည်။

ဥရောပ ကြွေးမြီ အကြပ်အတည်းကြောင့် နောင်နှစ်ပေါင်း အတော်ကြာထိ ရှိနေဦးမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး နှေးကွး မှု အတွင်း နိုင်ငံ့စီးပွါးရေး ခိုင်မာနေစေရန်အတွက် ထိုင်းအစိုးရက နယ်စပ် ကုန်သွယ်ရေးကို ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

AEC စနစ်အတွင်း အကောက်ခွန် သုညအထိ လျှော့ချထားမည်ဖြစ်၍ အာဆီယံ ကုန်သွယ်ရေးကို နှစ်ဆအထိ တိုးလာစေသင့် ကြောင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အလုပ်ကော်မတီ၏ ပထမဆုံး အစည်းအဝေးအပြီး အော်လန်း က ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး တို့အတွက် ထိုင်းအစိုးရ က ဆောင် ရွက်သွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အတွက် ထိုင်းအစိုးရက လုပ်ငန်း အစီအစဉ် ငါးရပ် ရေးဆွဲချ မှတ်သွားမည် ဖြစ်သည်။

လုပ်အား အသားပေး စီးပွါးရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများတွင် တည်ထောင် လုပ်ကိုင်ပြီး တတိယနိုင်ငံ ဈေးကွက်များ သို့ တင်ပို့နိုင်ရန်အတွက် အစိုးရက မက်လုံးများ ပေးသွားမည် ဖြစ်သည်။ ဤနည်းဖြင့် ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိ သော လုပ်သားအင်အား ရှားပါးမှုကို လျော့ပါးသက်သာစေပြီး ကုန်ချော တင်ပို့ရာတွင်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများက အိမ်နီးချင်းနိုင်ငံများကို အထူး သက်သာသော အခွန်နှုန်းထားများ ပေးထားသဖြင့် ထိုင်းလုပ်ငန်းရှင်များ အတွက် ပို့ကုန် အထူးအခွင့်အရေးများ ရရှိစေ မည် ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းအနေနှင့်လည်း အာဆီယံ ပေါင်းစည်းရေးကို ရှေးရှုသည့်အနေဖြင့် အာဆီယံ နိုင်ငံများအပြင် အခြား တတိယ နိုင်ငံများသို့လည်း တင်ပို့သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ သည် လည်း ပိုမိုပြိုင်ဆိုင်နိုင်စွမ်း ရှိလာစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မှုများ လုပ်ဆောင်လာမည် ဖြစ်သည်။

ထိုင်းနိုင်ငံအနေနှင့် နယ်စပ် ဂိတ်များလည်း ပိုမိုဖွင့်လှစ်ကာ အမြဲတန်း နယ်စပ်ဂိတ် ငါးခုကို နိုင်ငံတကာ နယ်စပ်စခန်း များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အနည်းဆုံး ယာယီဂိတ် ၁ဝ ခုကိုလည်း အမြဲတမ်း နယ်စပ်ဂိတ်များအဖြစ် တိုးမြှင့်သွားမည် ဖြစ် သည်။

မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အဓိကထားကာ အိမ်နီးချင်းနိုင်ငံများတွင် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များ ဖွင့်လှစ်ရေး ထိုင်းအစိုးရက ကူညီထောက်ပံ့ပါရန်လည်း ထိုင်းအမျိုးသား သင်္ဘောလုပ်ငန်းရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဗာလော့ဗီတာနာကွန် က ပြောကြားလိုက်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့