Wednesday, September 19, 2012

တိကျသည့် တရားဥပဒေစိုးမိုးမှုရှိပါက ကျား/မ ခွဲခြားမှုလျော့ကျနိုင်

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
18 Sep, 2012

မြန်မာအမျိုးသမီးများအခွင့်အရေးတိုးတက်ရန်အတွက် အဖွဲ့အစည်းအချို့က လုပ်ဆောင်လာကြရာတွင် တရားဥပဒေတိကျရန်နှင့် စိုးမိုးမှုရှိရန် အဓိကလိုအပ်နေသေးကြောင်း အမျိုးသမီးအခွင့်အရေးတိုးတက်ရေး ဆောင်ရွက်နေသူများထံက သိရသည်။

“အဓိကလုပ်ရမှာတော့ တရားဥပဒေပါ၊ စင်္ကာပူနိုင်ငံမှာဆိုရင် စတာနောက်တာကအစ ဥပဒေမှာ ပြစ်ဒဏ်ကရှိပြိးသား ဒီမှာလည်း ဥပဒေစိုးမိုးလို့ အမျိုးသား အမျိုးသမီးတွေ ကိုယ့်အခွင့်အရေးကိုယ်ရရင် ကျားမခွဲခြားမှုတွေ လျှော့နည်းသွားလိမ့်မယ် “ ဟု ပြည် သူ့ လွှတ်တော်မှ အမျိုးသမီး ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

ဥပဒေစိုးမိုးမှုအပြင် တိကျသောဥပဒေများ ထွက်ပေါ်ရန် လိုအပ်ကြောင်း ထိုဥပဒေများတွင် ခေတ်နှင့် လျော်ညီသော ဒဏ်ငွေများ ပါဝင်သင့်ကြောင်း ၄င်းကဆက်ပြောသည်။

နောင်လာမည့်လွှတ်တော်အစည်းအဝေးများတွင် အမျိုးသမီးကာကွယ်ရေးဥပဒေတစ်ရပ် တင်သွင်းသွားရန်ရှိသော်လည်း ထိုဥပဒေ တစ်ခုတည်းဖြင့် အမျိုးသမီးအခွင့်အရေးတိုးတက်လာမည် မဟုတ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိသည်။

“အမျိုးသမီး ကာကွယ်ရေးဥပဒေအပြင် အမျိုးသားတွေက အမျိုးသမီးတွေကို နားလည်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါအပြင် အမျိုး သားတွေရဲ့ထောက်ခံအားပေးမှုလည်းလိုတယ်။” ဟု ကရင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ညွှန်ကြားရေးမှုး ဒေါ်စူစန်နာ လှလှစိုးကပြောသည်။

မကြာသေးမီလပိုင်းများက အမျိုးသမီးအား အမျိုးသားကပါးရိုက်ခဲ့မှုကို တရားရုံးများမှ ဥပဒေအရဟုဆိုကာ နည်းပါးသော ဒဏ်ငွေ တပ်ရိုက်ခဲ့မှုများကြောင့် ပြည်သူတို့အကြားဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် တိုင်းဒေသကြီးလွှတ်တော်များ တွင် အထိ အမျိုးသမီးများကို ကာကွယ်နိုင်ရန် အဆို တင်သွင်းမေးမြန်းမှုများ ရှိခဲ့သည်။

ဧရာဝတီတိုင်းလွှတ်တော်အတွင်း အမျိုးသမီးများကို အမျိုးသားများက လစာထောက်ပံ့ကြေးတစ်ရာကျပ် ပေးလျှင်ကွာရှင်းနိုင် ဟု ပြဌာန်းထားသောဥပဒေကို ပြင်ဆင်ခြင်းရှိမရှိ မေးခွန်းမေးမြန်းခဲ့မှုနှင့်ပတ်သက်၍ အမျိုးသမီးဥပဒေပြင်ဆင်ခွင့်အား ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ငွေဆောင် မဲဆန္ဒနယ်မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိန်က ယခုကဲ့သို့ဆို သည်။

“အဲဒီတုန်းကတော့ တိုင်းလွှတ်တော်အနေနဲ့ ဥပဒေပြုခွင့် ပြင်ဆင်ခွင့် မရှိလို့်ပြည်ထောင်စုအဆင့်ကို ဆက်လက်တင်ပြပေးသွား မယ်လို့ ပြောခဲ့တယ်။ နောက်လာမဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာတော့ အမျိုးသမီးအခွင့်အရေးကိစ္စတွေကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးကြမယ်ထင်တယ်” ဟု ဦးအောင်ကျော်စိန်က ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့