Friday, September 21, 2012

ယုဇနစားအုန်းဆီစက်ရုံမှ ညှိနှိုင်းချက်အတိုင်း ဆောင်ရွက်ခြင်းမရှိက လွှတ်တော်တင်မည်

ယမင်း(မြစ်မခ)
20 Sep, 2012

ယုဇနစားအုန်းဆီစက်ရုံမှထွက်ရှိသော ဘေးထွက်ဆိုးကျိုးများအတွက် စက်ရုံပိုင်ရှင်မှ ညှိနှိုင်းဆွေးနွေးသည့်အတိုင်း ဆောင်ရွက် ပေးခြင်းမရှိပါက လွှတ်တော်တွင်း တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

''အရင်တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြဖို့လုပ်တုန်းက စက်ရုံကတာဝန်ရှိသူတွေက လာပြီးဆွေးနွေးညှိနှိုင်းတယ်။ အခုက တကယ်လုပ်ပေး၊မလုပ်ပေးကြည့်ပြီးတော့ လွှတ်တော်မှာ တင်ပြသွားမယ်''ဟု သာကေတမြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါ စက်ရုံပိုင်ရှင်မှာ ဦးဌေးမြင့်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်အတွင်း တည်ဆောက် ထားသည့်စက်ရုံဖြစ်သည်။

စက်ရုံကိစ္စနှင့်ပတ်သတ်၍ ရပ်ကွက်နေပြည်သူပေါင်း (၉ဝဝ)ကျော် လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတကြီးထံသို့ ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် အသနားခံစာ တင်ခဲ့ကြောင်း သိရှိရသည်။

''ပြာမှုန့်ကိစ္စကို ၁၅ရက်အတွင်း လုပ်ပေးမယ်လို့ စက်ရုံပိုင်ရှင်ကတော့ ပြောတာပဲ ။ဘယ် နေ့ဘယ်ရက်ဆိုတာတော့ အတိအကျ မပြောဘူး။ သူပြောသလို တကယ်လုပ်မလုပ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်''ဟု သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ပြောသည်။

စက်ရုံမှထွက်ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ ရှုခင်းသာလမ်း၊ ၆။အရှေ့ ရပ်ကွက်၊ ရှုခင်းသာလမ်း ၆။အနောက် ရပ်ကွက်၊ ရှုခင်းသာရပ်ကွက်တို့မှနေထိုင်ကြသူများ နှင့် ဦးဌေးမြင့် တို့သည် စက်တင်ဘာလ(၁၅)ရက်နေ့က ရှုခင်းသာ ရပ်ကွက်၊ နတ်မောက်ကျောင်းတွင် တွေ့ဆုံညှိနှိုင်းခဲ့ပြီး စက်ရုံပိုင်ရှင်မှ တာဝန်ယူဆောင်ရွက်ပေးမည်ဟု သဘောတူခဲ့ကြောင်းသိရှိရသည်။

''နည်းပညာလိုအပ်ချက်ကြောင့် ဘယ်နေ့အပြီးအစီး လုပ်ပေးမယ်လို့တော့ မပြောနိုင်ဘူး။ ပြာမှုန့်ကိစ္စကိုတော့ (၁၅)ရက်အတွင်း အပြီးလုပ်ပေးမယ်။ အနံ့ဆိုးတွေမထွက်ဖို့ကိုလည်း ပစ္စည်းတွေနဲ့ အစားထိုးနေတယ်''ဟု စက်ရုံပိုင်ရှင် ဦးဌေးမြင့်ကပြော သည်။
စက်ရုံအနီးပတ်ဝန်းကျင်ရှိ ဒေသခံများသည် စက်ရုံထွက် မီးခိုးများ၊ပြာမှုန့်များနှင့် အနံ့ဆိုး များအား (၂ဝဝ၆)ခုနှစ်မှ စတင်ကာ ခံစားခဲ့ ရကြောင်း၊ မြစ်ထွက်ပေါက်ချောင်းအား ပိတ်၍ သဲဖို့ကာ စက်ရုံတည်ဆောက်ထားခြင်းကြောင့် ရေဆိုးရေညစ်များ ထွက် ပေါက် မရှိသဖြင့် ရေစီး ရေလာများ အလွန်အမင်းထိခိုက်ခဲ့ကြောင်း၊ ထွက်ရှိသောအနံ့ဆိုးများမှာ ရပ်ကွက် နေ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများ ထိခိုက်မှုများရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

''ရေဆိုတာ အဝင်အထွက်ရှိဖို့လိုတယ်။ အဲလိုမရှိဘူးဆိုရင် ရေသေဖြစ်ပြီး အနံကလည်းဆိုးလာတယ်။ ခြင်တွေလဲပေါက်ဖွားနိုင် တယ်။ အဲကနေရောဂါတွေဖြစ်လာနိုင်တယ်။ နောက်အနံ့ဆိုးတွေကို နေ့စဉ်ရှူရှိုက်မိမယ်ဆိုရင် ကျန်းမာရေးများစွာထိခိုက်နိုင်တယ်။ ကလေး သူငယ်တွေအတွက်ဆို ပြီးတော့ ရောဂါဘယတွေ အများကြီးရနိုင်တယ်''ဟု ဒေါက်တာစမ်းသီတာအောင်က ပြောသည်။

လက်ရှိအချိန်အထိ စက်ရုံပိုင်ရှင်မှ ညှိနှိုင်းဆွေးနွေးမှုများအား ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် ဒေသခံများမှ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခွင့်နှင့် စီတန်းလှည့်လည်ခွင့်အား စက်တင်ဘာ (၁၇)ရက်နေ့တွင် စာတင်ခဲ့သော်လည်း ဒေသန္တရ ညွှန့်ကြား ချက်နှင့် ကိုက်ညီမူမရှိသည့်အတွက် ပယ်ချမှုခံခဲ့ရကြောင်း သိရသည်။

''ပိုင်ရှင်က တစ်စုံတစ်မှလုပ်ပေးတာမရှိဘူး။ ကျွန်တော်တို့ကဆန္ဒထုတ်ဖော်ဖို့ စာတင် တယ်။ အဲဒါကို ဒေသန္တရ ညွှန့်ကြားချက်နဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချတယ်။ အခု အဲအချက်တွေနဲ့ ကိုက်ညီအောင်လုပ်ပြီးပြန်တင်တော့ တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံဝင်ပါဆိုပြီး စာပြန်ကျလာတယ်။''ဟု ရှုခင်းသာလမ်း ၆။အရှေ့ရပ်ကွက်မှ ဦးစန်းလှိုင်က ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့