Tuesday, June 28, 2011

ရခိုင်သဟာယအသင်း ရွှေရတု အထိမ်းအမှတ် ရန်ကုန်တွင် ကျင်းပမည်

28/6/2011
မောင်ရမ္မာ

ရခိုင် သဟာယအသင်း (ရန်ကုန်) ၏ နှစ် (၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ တွင် လာမည့် ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


အခမ်းအနားကို ရန်ကုန် ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ ရခိုင် ပြည်နယ်ဓမ္မရုံ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရခိုင် သဟာယ အသင်း အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုဇော်ဝင်းက ပြောသည်။

" ဟုတ်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာ ရခိုင်ဓမ္မာရုံမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ရခိုင်သယာယအသင်း (ရန်ကုန်) ကို ဖွဲ့စည်း တည်ထောင်ခဲ့တာ နှစ် ၅၀ ပြည့် ပြီဖြစ်ပါတယ်။ ဒါကြောင့် ရွှေရတု အထိမ်း အမှတ် အနေနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင် သဟာယ အသင်းရဲ့ တိုးတက်မှုအခြေအနေတွေကို သုံးသပ် ဖို့နဲ့ ပညာထူးချွန်တဲ့ ကျောင်းသူ ကျောင်းသား တွေကို ပညာသင် ထောက်ပံ့ကြေးပိုမို ပေးနိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။"

ယခုနှစ် ကျင်းပမည့် ရခိုင်သဟာယ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားတွင် ရခိုင်နှင့် ပတ်သက်သော စာအုပ်စာတမ်း များကို ၂ ရက်တိုင်တိုင် ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

“ ဒီနှစ် ထူးခြားတာကတော့ အခမ်းအနားမှာ စိတ်ပါဝင်စားသူတွေ လာရောက်ကြည့်ရှု ၀ယ်ယူ အားပေးနိုင်ဖို့ အတွက် ပန်းချီကားတွေ၊ သဟာယအဖွဲ့ရဲ့ လှုပ်ရှားမှုဓါတ်ပုံတွေအပါအ၀င် တခြား ထူးခြားတဲ့ ဓါတ်ပုံတွေ၊ စာအုပ်စာတမ်းတွေကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ရခိုင်ရိုးရာ ယဉ်ကျေးမူ အက ပဒေသာများနှင့်လည်း တင်ဆက် ဖြေဖျော်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင် သဟာယအသင်းသည် ပညာသင်ကြားရန် အခက်အခဲရှိသော ရခိုင်ကျောင်းသူ ကျောင်းသား များကို ၁၉၆၁ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုများ ချီးမြှင့်လာသော ရခိုင်လူမှုအဖွဲ့ကြီးတခု ဖြစ်သည်။

ယခုနှစ် ပညာသင် ထောက်ပံ့ကြေးပေးမည့် ကျောင်းသူကျောင်းသားများ အမည်စာရင်းနှင့် အရေအတွက်ကို ဇူလိုင်လကုန်ပိုင်းတွင် ထုတ်ပြန် ကြေငြာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင် သဟာယအသင်းကို ၁၉၆၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ပုဇွန်တောင် အစိုးရတန်းမြင့်ကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့သော ရခိုင်ဆိုရှယ်ကလပ် သင်းလုံးကျွတ်အစည်းအဝေးကြီးတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ရခိုင်ဆိုရှယ်ကလပ်မှာ ခေတ်နှင့်မလျော်ညီသဖြင့် ရခိုင်ဆိုရှယ်ကလပ်အမည်ကို ရခိုင်သဟာယ အသင်း အမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်ဟု သိရသည်။
Ref: Narinjara

0 comments:

အပေါ်သို့