Monday, June 27, 2011

ပဲခူးရိုးမမှာ ကျွန်းသစ်များကို သစ်တောအရာရှိများက ခိုးထုတ်

June 26, 2011
မိုးမြင့်ဇင်

ပဲခူးရိုးမထဲက သစ်တောတွေကို သစ်တောဦးစီးဌာနကပဲ ပူးပေါင်း ခိုးထုတ်ရောင်းစားနေလို့ သစ်တောတွေ ဖြုန်းတီးနေပါတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့နယ် ပဲခူးရိုးမအနီး ဇီးတောကျေးရွာနားက ဇီးတောဘီနယ် ဆိုတဲ့သစ်ကွက်မှာ ကျွန်းသစ်တတန်ကို ကျပ် ၈ သောင်းနဲ့ ခိုးထုတ်ရောင်းစားနေပြီး သတင်းအရ လာရောက်ဖမ်းဆီးတဲ့ မြို့နယ်နဲ့ခရိုင် သစ်တောဦးစီးမှူးတွေကလည်း တယောက်ကို ကျပ် ၁၀ သိန်းယူပြီး မဖမ်းဘဲ ပြန်သွားတာတွေကြောင့် ပဲခူးရိုးမထဲမှာ နိုင်ငံပိုင် ကျွန်းသစ်တွေ တော်တော်များများ ပြုန်းတီးနေပါပြီလို့ ဇီးတောကျေးရွာမှ ရွာသားတယောက်က ခုလိုပြောပြပါတယ်။


“ဇီးတော့ဘီနယ်က တောအုပ် ဦးဝင်းနောင်ဆိုတာက မင်းကွန်းကျေးရွာဘက်ကို ကျွန်းသစ်တတန်ကို ၈ သောင်းနှုန်းနဲ့ ပို့ပေးတယ်။ ပိန္နဲတောင်ထိကို တာဝန်ယူပြီးတော့ ပို့ပေးတယ်။ အဲဒီကနေ တဆင့် ပိန္ဒဲတောင်မှာ ရှိတဲ့သူတွေက အဲဒီသစ်ကို ထိန်းသိမ်းပြီးတော့ ၂၄ ရက် ၅ လ ၂၀၁၁ မှာ ဇီးတော့ ဘီနယ်အတွင်းမှာ ကျွန်းသစ်တွေကို ပုံရောင်း ပေးတယ်။ အဲဒါကို မြို့နယ်သစ်တောက သတင်းရတော့ မြို့နယ် သစ်တောဦးစီးဌာနနဲ့ ခရိုင်ဦးစီးဌာနက သူတို့လည်း ခွဲတမ်းမရဘူးဆိုပြီး ၀င်ဖမ်းတယ်။ ဦးဝင်နောင်နဲ့ ရွာထဲမှာရှိတဲ့ လူတွေကနေပြီးတော့ မေတ္တာလက်ဆောင်ဆိုပြီးတော့ သစ်တော ခရိုင်ဦးစီးဌာနကို ၁၀ သိန်း၊ မြို့နယ် ဦးစီးဌာနကို ၁၀ သိန်း ဆိုပြီး ကန်တော့လိုက်တယ်။ အဲတော့ သူတို့က လာတုန်းက ဖမ်းဖို့လာတာ။ ၁၀ သိန်းလည်း ရသွားရော ခုချိန်ထိ မဖမ်းတော့ဘူး။ အဲဒီသစ်ပုံကို ဒီအတိုင်း ပစ်ထား တာ။”

ဇီးတောဘီနယ် သစ်တောအရာရှိဟာ နိုင်ငံပိုင်ကျွန်းသစ်တွေကို အစိုးရဆီ တရားဝင်အပ်နှံမယ့် ရပ်သူရွာသားတွေကို ခြိမ်းခြောက်တဲ့အပြင် နိုင်ငံပိုင်သစ်တောကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး အလွဲသုံးစား လုပ်နေပုံတယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ ကျွန်းသစ်တတန် ရှစ်သောင်းဆိုတဲ့ဈေးနှုန်းဟာ မတန်တဆ နှိမ်ပြီးရောင်းတဲ့ အောက်ဈေးလို့ ဆိုပါတယ်။ ဒီလို ခိုးထုတ်တဲ့သစ်တွေကို ပြည်တွင်းက သစ်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ရောင်းချနေတာဖြစ်ပြီး ကျွန်းသစ်ဟာ သစ်ဝယ်ယူခွင့် လိုင်စင်ရှိတာတောင် လွယ်လွယ်နဲ့ ၀ယ်လို့မရတဲ့ ထိပ်တန်း သစ်အမျိုးအစားလည်း ဖြစ်တာကြောင့် ခုလို သစ်တောဌာနနဲ့ပေါင်းပြီး ၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။
Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့