Tuesday, June 28, 2011

မူဆယ်ဈေးမီး ဆိုင်ပေါင်း ၂၀ လောင်ကျွမ်း

June 28, 2011

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့ ဈေးကြီးထဲမှာ ဒီမနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး စတိုးဆိုင် တခုအပါအ၀င် ဆိုင်ပေါင်း ၂၀ လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။


မူဆယ်မြို့လယ်ခေါင် ဈေးရပ်ကွက်က စည်ပင် ဈေးသစ် အပေါ်ဈေးကြီးမှာ မနက်စောစောဈေး မဖွင့်ခင် ၅ နာရီ ကျော်လောက်က မီးစတင် လောင်ကျွမ်းခဲ့ပါတယ်။

မူဆယ်မြို့ခံတဦးက “မီးလောင်တာ ဈေးကြီး အပေါ်ထပ် မှာ အောက်ထပ်တော့ ဘာမှမဖြစ်ဘူး။ ၅ နာရီခွဲ လောက် ဈေးဖွင့်တာနဲ့ မီးခိုးတွေ တွေ့ရတာပဲ။ မီးသတ်ကား၇ စီး၊ ၈စီးလောက် လာငြိမ်းသွားတယ်။ ဆိုင်ခန်း ၂၀ ကျော်လောင်တယ်။ ဖိနပ်ဆိုင်၊ ရွှေဆိုင်၊ စက်ချုပ်ဆိုင်တွေပေါ့။ အများဆုံးလောင်သွားတာ တံခွန်ကုန်မာဆိုင် စတိုး ဆိုင်။ သူတို့ဆိုင်က မွေ့ရာ တွေ၊ ခုတင်တွေ၊ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ ရောင်းတယ်။ ကျန်တဲ့ဆိုင်တွေက နည်းနည်းပါးပါးပဲ လောင်တယ်။ မီးက ဘယ်က စလောင်လည်း မသိဘူး။ တချို့က ၀ိုင်ယာရှော့ ဖြစ်တယ်လို့လည်း ပြောသံကြားတယ်” လို့ ဆိုပါတယ်။

မီးလောင်မှုအတွင်း စတိုးဆိုင်ကြီး တဆိုင်အပါအ၀င် ဆိုင်ခန်းပေါင်း ၂၀ လောက် မီးလောင်ကျွမ်းတဲ့အတွက် သိန်းပေါင်းထောင်ချီ ဆုံးရှုံးနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

အခု မီးလောင်ခံရတဲ့ဈေးဟာ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်က အသစ်တည်ဆောက်ထားတဲ့ ဈေးဖြစ်ပြီး အရင် ဈေးဟောင်းတုန်းကလည်း မီးလောင်လို့ ပျက်စီးခဲ့ရပါတယ်။

မူဆယ်မြို့မှာ အပေါ်ဈေးနဲ့ အောက်ဈေး ဆိုတဲ့ ဈေးကြီး နှစ်ခုရှိပြီး ဒီဈေးက ကုန်စုံဆိုင် စတိုးဆိုင်တွေနဲ့ ခေတ်မီတော့ ပိုမိုစည်ကားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Ref: DVB

0 comments:

အပေါ်သို့