Thursday, June 30, 2011

လယ်သိမ်းခံရပြီး ထောင်ကျသည့် လယ်သမားများ ပြန်လွတ်ပြီ

June 30, 2011
အေး​နိုင်

မကွေးတိုင်း ကံမမြို့နယ် စစ္စရံကျေးရွာသား ခြောက်ဦးအမှုကို ခရိုင်တရားရုံးက အများဆုံးပြစ်ဏ် (၃) လအထိသာ တပေါင်းတည်းကျခံစေဖို့ လျှော့ပေါ့ ပေးလိုက်တာကြောင့် ပြန်လည် လွတ်မြောက်ကြတော့မှာပါ။

ခရိုင်အယူခံလိုက်သူ တရားခံရဲ့ အထက်တန်းရှေ့နေ ဦးတင်အောင်ထွန်းက “အယူခံကို အခုလ ၂၀ ရက်နေ့က တင်ခဲ့ပြီး ၂၈ ရက်နေ့က အပြီးသတ် လျှောက်လဲချက်ကြားနာခဲ့ပြီး ဒီကနေ့မှာတော့ အမိန့်ချတာပေါ့နော်၊ မြန်မာစံတော်ချိန် မနက် ၁၀ နာရီမှာ အမိန့်ချလိုက်တယ်လေ။ မင်းဘူးခရိုင်တရားရုံးက ၀န်ထမ်းတယောက်က လွှတ်ဝရမ်းကိုယူပြီး မင်းဘူးကနေ သရက်ကို ထွက်သွားပါပြီ၊ လွှတ်ဝရမ်း သရက်ထောင်ကို ရောက်တာနဲ့ လွှတ်ပေးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။


သရက်ထောင်က ပြန်လွတ်မယ့် ရွာသား ငါးဦး ကတော့ ကိုသန်းဦး၊ ကိုအောင်လင်း၊ ကိုထွန်းမင်း လွင်၊ ကိုခင်မောင်သန်း၊ ကိုကျော်ညွန့်တို့ ဖြစ်ပါတယ်။

သူတို့တတွေဟာ ခဲပေါက်မှု၊ ဆဲဆိုမှု၊ အကျိုး ပျက်စီးစေမှု၊ ပိုက်နက်ကျူးလွန်မှု၊ တရားမ၀င် ဆိုင်ကယ်အမှုလို့ လူသိများတဲ့ သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မတွေကို ကျူးလွန်တယ်ဆိုပြီး ထူးနဲ့ ဦးပိုင်ကုမ္ပဏီတွေက စွဲဆိုတဲ့အမှုတွေနဲ့ ပြစ်ဒဏ်စီရင် ခံရတာပါ။

မကွေးတိုင်း အထက်မင်းလှမြို့နယ် တရားရုံးမှာ တရားသူကြီး ဒေါ်နွဲ့နွဲ့ဝင်းက မေ ၂၇ ရက်က စီရင်ချက်ချခဲ့တာဖြစ်ပြီး ဦးသန်းဦးကို ထောင်ဒဏ် ၁၀ နှစ်ခွဲ၊ ကိုထွန်းမင်းလွင်ကို ထောင်ဒဏ် ၁၂ နှစ်ခွဲ၊ ကိုအောင်လင်းကို ၁၀ နှစ်နဲ့ ၇ လ၊ ကိုခင်မောင်စန်းကို ၈ နှစ်နဲ့ ၇ လ၊ ကိုကျော်ညွန့်ကို ဆယ်နှစ်နဲ့ ခြောက်လ အသီးသီးစီရင်ခဲ့ပါတယ်။

ဒီအမှုဖြစ်ပုံအစက ထူးနဲ့ ဦးပိုင်ကုမ္ပဏီတွေက မကွေးတိုင်း ကံမမြို့နယ် စစ္စရံကျေးရွာက လယ်ယာမြေတွေပေါ်မှာ ကော့စတစ် ဆိုဒါစက်ရုံတည်ဖို့ မြေသိမ်းရာက စပါတယ်။

ဒါကို လယ်သမားတွေက ကုမ္ပဏီတွေကို တရားစွဲပါတယ်။ တရားရုံးက လက်မခံပါဘူး၊ လယ်သိမ်းခံရသူ လယ်သမား ဦးသန်းဦးဟာ ဆိုင်ကယ်နဲ့ ရွာအပြန်လမ်းမှာ ကုမ္ပဏီဝန်ထမ်းတချို့က ၀ိုင်းရိုက်ပြီး ကုမ္ပဏီရုံးခန်းထဲ ခေါ်ဆောင်ပြီး ရဲကို ခေါ်ပါတယ်။

ဒီလူဟာ ကုမ္ပဏီဝိုင်းထဲ ၀င်လာပြီး ခဲနဲ့ပေါက်တယ်ဆိုပြီး တိုင်တာပါ။ ကုမ္ပဏီတွေကို မူလတရားစွဲဆိုသူတွေကိုလည်း နောက်ပိုင်းမှာ တရားစွဲဆိုတာပါ။

ဒီအမှုတွေ ကံမမြို့နယ်တရားရုံးမှာ စစ်တော့ မကျေနပ်ကြတဲ့ စစ္စရံရွာနဲ့ ရွာနီးချုပ်စပ်က လယ်သမား ၁၃၀ ကျော်က အလွန်အမင်း တရားမျှတမှု ကင်းမဲ့လွန်းနေတဲ့ ဒီအမှုလုပ်ဇာတ်ကို မျှမျှတတဖြေရှင်းပေးပါဆိုပြီး သမ္မတဦးသိန်းစိန်ထံကို ဒီလဆန်းက လက်မှတ်ထိုးတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ကံမတရားရုံးမှာ လယ်သမားတွေ အများအပြား တက်ရောက်နားထောင်ကြလို့ အစိုးရဘက်က လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ကြားက တရားစွဲဆိုသူတွေက လုံခြုံရေးအတွက် ရုံးပြောင်းစစ်ပေးဖို့ တောင်းဆိုတဲ့အပေါ် လိုက်လျောပြီး အထက်မင်းလှ တရားရုံးမှာ ပြောင်းလဲစစ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်ထားတာ ဖြစ်ပါတယ်။

ကိုသန်းဦးပါအ၀င် လေးဦးက မြေသိမ်းတဲ့ ကိစ္စတရားစွဲဆိုတိုင်တန်းချက်ကိုတော့ မြို့နယ်အဆင့် ခရိုင်အဆင့်က ပယ်ချထားတာကြောင့် မကွေးတိုင်းဒေသကြီး လွှတ် တော်မှာ ပြင်ဆင်မှုတက်ထားပါတယ်။ အဲဒီအမှုကို အခုလ ၂၉ ရက်နေ့က လျောက်လဲချက်ကြားနာခဲ့ပြီး လာမယ့် ဩဂုတ်လ (၁) ရက်နေ့မှာ အမိန့်ချမှတ်ဖို့ ချိန်းဆိုထားပါတယ်။
Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့