Thursday, June 30, 2011

ကချင်လူငယ်များ ဖမ်းဆီးခံနေရပြီး နှစ်ဦးပျောက်ဆုံးနေ

June 30, 2011

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နဲ့ ဖားကန့်လမ်းတလျှောက်ရှိ နန့်ဟိုင်းကျေးရွာနေ လူငယ်တွေကို နယ်မြေခံစစ်တပ်နဲ့ ရဲတို့က ဖမ်းဆီးနေပါတယ်။


ဖားကန့်နဲ့ မိုးကောင်းအကြားရှိ တံတားများ မကြာ ခဏ ဗုံးခွဲမှုများရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကားမိုင်း အနီးမှာ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာ စစ်တပ် အကြား တိုက်ပွဲဖြစ်ခဲ့ ပြီးနောက် ဖမ်းဆီးမှု တွေ ဆက်တိုက် လုပ်လာ နေတာလို့ ဒေသခံ တဦးက ပြောပါ တယ်။

“ဖားကန့်သွားတဲ့လမ်းပေါ်မှာ အခုရက်ပိုင်း ညတိုင်း လိုလို တံတားတွေ ဗုံးခွဲနေတော့ မိုးကောင်း ကနေ ဖားကန့် သွားတဲ့ လမ်းတလျှောက်မှာ ရှိတဲ့ ရွာတွေက လူငယ်တွေလေ၊ အဲဒါတွေကို ညတိုင်း ရဲနဲ့ စစ်တပ် ပေါင်းပြီး ဖမ်းဆီးနေတယ်။ အဲလိုဆိုတော့ ရွာထဲမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတယ်။ ရဲနဲ့ ပူးတွဲလှုပ်ရှားပြီးတော့ ဧည့်စာရင်း စစ်တယ်ဆိုပြီးမှ ယောက်ျားတွေ အကုန်လုံး ဖမ်းခေါ်သွားတာ အခု အယောက် ၃ဝ ကျော်သွားပြီ၊ နန့်ဟိုင်ရွာ တရွာတည်းကို။”

အဲဒီဒေသဟာ ကေအိုင်အေတပ်မဟာ ၂ နယ်မြေဖြစ်ပြီး ကေအိုင်အေ တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှု ရှိတဲ့ နေရာလည်းဖြစ်တာကြောင့် ကေအိုင်အေနဲ့ တိုက်ပွဲတွေ ပြန်မဖြစ်ခင် အချိန်အစောပိုင်းကတည်းက နယ်မြေခံစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ကာ မသင်္ကာသူတွေကို ဖမ်းဆီးမှု လုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာမှ လူငယ်နှစ်ဦးကို လွန်ခဲ့တဲ့ တလကျော်ကတည်းက အာဏာပိုင်းများဖမ်းဆီးခဲ့ရာ အဆိုပါနှစ်ဦး ပျောက်ဆုံးနေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“လွန်ခဲ့တဲ့ လကတည်းက ဗုံးမခွဲခင်ကတည်းက ဖမ်းဆီးမှုတွေ လုပ်နေတယ် ပြောတယ်။ အဲဒီမှာ နန့်ဟိုင်ရွာက မုန်ထွယ်နဲ့ လုရှီနော် ဆိုတဲ့ လူနှစ်ဦးကို ဖမ်းခေါ်သွားတာ တလနီးပါးလောက်ရှိပြီ။ အဲဒီနှစ်ယောက်က နန့်ဟိုင်ရွာက၊ မိုးကောင်းမြို့နယ်ထဲမှာ။ သူတို့နှစ်ဦးက အသက် ၃ဝ ဝန်းကျင်ပဲ။ မိန်းမတွေရှိတယ်၊ ကလေးတွေ ရှိတယ်။ သူတို့နှစ်ဦးကို ကေအိုင်အေ အဖွဲ့ဝင် ဖြစ်တယ်ဆိုပြီးမှ မသင်္ကာလို့ ခေါ်သွားတာ၊ အခုထိ မိသားစုလည်း တွေ့လို့မရဘူး။ တချို့ အပြင်မှာ သတင်းထွက်တာကတော့ စရဖက ခေါ်သွားပြီးကတည်းက သတ်လိုက်တယ် ပြောတယ်။”

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့က ၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် မြို့ပေါ်နှင့်ကျေးရွာတွေက လူငယ်တွေကို ခေါ်ယူစုစည်းကာ ကချင်ရိုးရာ ယဉ်ကျေးမှုသင်တန်းတွေပေးတာ၊ ပညာရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှု (EEDY) လူငယ်ကွန်ရက်ဖွဲ့စည်းကာ သင်တန်းပေးတာတွေရှိခဲ့ရာ အခုအခါ ကေအိုင်အိုနဲ့ ဆက်နွယ်ပတ်သက်ခဲ့တဲ့ လူငယ်တွေကို အာဏာပိုင်တွေက စစ်ဆေးဖော်ထုတ်မှုတွေ ရှိနေတာမို့ ကချင်လူငယ် အတော်များများ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကေအိုင်အို သတင်းရပ်ကွက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့