Thursday, June 30, 2011

အိမ်ပိုင်တရားမမှု ရှုံးသူက သမ္မတကိုတိုင်

ကိုဝိုင်း
ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်


အိမ်ပိုင်ဆိုင်မှု အငြင်းပွားသည့် တရားမမှုတခုတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားသူကြီး စစ်ဆေး ဆုံးဖြတ်မှုသည် တရားမျှတမှု မရှိဟုဆိုကာ အစအဆုံး ပြန်စစ်ပေးရန် အမှုရှုံးသည့် တရားပြိုင် အမျိုးသမီးက သမ္မတ ဦးသိန်းစိန်ထံ တိုင်စာ ပို့လိုက်သည်။

အိမ်ပိုင်ဆိုင်မှုတွင် တရားသူကြီး ဦးရွှေမောင်သည် အဂတိ လိုက်စားကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲကာ ထိရောက်စွာ အရေးယူပေးရန် အမှုရှုံးသူ မိုးညှင်းမြို့နေ မသင်းသင်းအေးက ဇွန်လ ၂ဝ ရက်နေ့တွင် သမ္မတထံ တိုင့်တန်းခဲ့ခြင်း ဖြစ်သည်။ မသင်းသင်းအေး၏ ခင်ပွန်းဖြစ်သူ ကွယ်လွန်သူ အိမ်ပိုင်ရှင် ဦးသက်လွင်၏ အမက အိမ်ပေါ်မှ နှင်ချသဖြင့် အိမ်ကို သူပိုင် ကိုယ်ပိုင် အငြင်းပွားရာမှ တရားရုံး ရောက်သွားခြင်း ဖြစ်သည်။

မဇ္ဈိမက ဖတ်ခွင့်ရသည့် သမ္မတထံ တိုင်သည့်စာ မိတ္တူကို နိုင်ငံရေးပါတီများနှင့် ပြည်တွင်းပြည်ပ ဂျာနယ်များ အားလုံးကိုလည်း သူက ဖြန့်ဝေထားကြောင်း တွေ့ရသည်။

တိုင်စာနှင့် တရားရုံးအမှု စီရင်ချက်များပါ ဖတ်ရှုခွင့်ရခဲ့သော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက အမှုဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် တရားသူကြီး၏ ကောက်ချက်ဆွဲမှု လွဲမှားနေသည်ကို တွေ့ရသဖြင့် “ပြန်လည် စစ်ဆေးစီရင်သင့်သည်” ဟု မှတ်ချက်ပြုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက “မသင်းသင်းအေးရဲ့ ခင်ပွန်း ကွယ်လွန်သွားတဲ့ ဦးသက်လွင်ရဲ့ အမက သူတို့လင်မယားကို အိမ်ပေါ် ခေါ်တင်ထားတယ်လို့ ပြောတဲ့ ရက်စွဲကို အခြေခံပြီး တရားသူကြီးက ကောက်ချက်စွဲတာ။ တကယ်နေတဲ့ ရက်စွဲထက် တနှစ်လောက် နောက်ကျနေတယ်” ဟု မဇ္ဈိမကို ပြောသည်။

တိုင်စာအတွင်း၌ တရားသူကြီး ဦးရွှေမောင်က လာဘ်စားကြောင်း စွပ်စွဲထားပြီး၊ သန့်ရှင်းသော အစိုးရတရပ်အဖြစ် “မူကောင်း၍ လူမကောင်းပါက” ဖြစ်လာနိုင်စရာ မရှိဟု သုံးသပ်ထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် တရားပြိုင်နှစ်ဖက်စလုံးထံ တိုက်ရိုက်ဆက်သွယ်၍ မရခဲ့ပေ။

Ref: Mizzima

0 comments:

အပေါ်သို့