Thursday, June 30, 2011

ဦးဝင်းတင် ရုံးပြန်တက်သဖြင့် လူငယ်များ အားတက်ဟုဆို

ထွန်းထွန်း
ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်


နိုင်ငံရေးပါတီအနေဖြင့် လှုပ်ရှားမှုမလုပ်ရန် အစိုးရသစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား သတိပေးနေစဉ် ကျန်းမာရေး ချို့ယွင်းသဖြင့် နေအိမ်၌ တလခန့် ဆေးကုခဲ့ရသည့် ပါတီဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင် ရုံးပြန်တက်လာသောကြောင့် အားတက်မိကြောင်း လူငယ်တာဝန်ခံ ကိုမျိုးညွန့်က ပြောသည်။

အသက် ၈၂ နှစ်အရွယ် ဦးဝင်းတင်သည် မေလ ၂၇ ရက်နေ့တွင် ဘယ်ဘက်ပေါင်၌ ဆင်ရေယုန်များ ပေါက်သဖြင့် အာရှတော်ဝင်ဆေးရုံ၌ ဆေးကုသခဲ့ရပြီး အသည်း၊ နှလုံး၊ ကျောက်ကပ်၊ ရင်ခေါင်းနှင့် အစာအိမ် စစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။ မေလ ၃ဝ ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရခဲ့သော်လည်း နေအိမ်၌ ဆေးကုသမှု ဆက်လက် ခံယူခဲ့ရသည်။ သို့သော် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း/ပြည်နယ် လူငယ်များတွေ့ဆုံပွဲ ဒုတိယနေ့ အခမ်းအနားမှစ၍ ရုံးပြန်တက်နိုင်ခြင်း ဖြစ်သည်။


“ကျနော်တို့ ပိုပြီးတော့ အားရှိလာတာပေါ့ဗျာ။ ကျနော်တို့ပါတီကို လက်ရှိ အစိုးရကနေ အရေးယူ ဆောင်ရွက်နေချိန်မှာ အဘက ကျနော်တို့ လူငယ်တွေနည်းတူ၊ အဖွဲ့ချုပ်နည်းတူ လာရုံးတက် ပြီးတော့၊ ရပ်တည်တယ်ဆိုတော့ ကြည်နူးမိတာပေါ့ဗျာ။ သူ ဂျိုင်းထောက် နဲ့ကို လာရတာဗျ” ဟု ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင် ရေး တာဝန်ခံ ၁ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေ အတိုင်း လိုက်နာကြရန်နှင့် NLD ပျက်ပြယ်ပြီးဖြစ်သောကြောင့် နိုင်ငံရေးပါတီအနေဖြင့် မလှုပ်ရှားရန် အင်္ဂါနေ့တွင် စာပို့ အကြောင်းကြားခဲ့သည်။ NLD ကလည်း ၎င်းတို့မှာ တရားဥပဒေ ကြောင်းအရ တရားဝင်ဆဲဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက် ၍ ဝန်ကြီးနှင့် တွေ့ဆုံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ဗုဒ္ဓဟူးနေ့တွင် အကြောင်းပြန်ခဲ့သည်။

အစိုးရဘက်က ယခုလို စွပ်စွဲမှုများကြောင့် ပါတီရပ်တည်ရေး အရေးကြီးနေစဉ် ဦးဝင်းတင် ရုံးတက်လာသဖြင့် ပါတီလူငယ်များ အားတက်စေခဲ့သည်။

“အဘက လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝင့်ဝင့် လုပ်ရဲတယ်၊ ပြောတယ်၊ ဆိုတယ်။ ဒီအပေါ်မှာ ဝေဖန်တဲ့သူတွေတော့ ရှိပါတယ်။ ကောင်းတဲ့ ဝေဖန်ခြင်းလည်း ရှိသလို၊ မကောင်းတဲ့ ဝေဖန်ခြင်းလည်း ရှိပါတယ်။ ဒါပေမဲ့ NLD လူငယ်ရဲ့ အနေအထားက ဒီခေါင်းဆောင် သုံးယောက်ဟာ ကျနော်တို့လူငယ်တွေရဲ့ ပြယုဂ်ပဲ၊ အားအကိုးရဆုံး လူကြီး ၃ ယောက်ပဲ” ဟု ကိုမျိုးညွန့်က ဆိုသည်။ ခေါင်းဆောင် ၃ ဦးဆိုသည်မှာ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့အား ရည်ညွှန်းခြင်း ဖြစ်သည်။

ဦးဝင်းတင်မှာ ပါတီမူဝါဒရေးရာများနှင့် ပတ်သက်၍ အားထားရသူဖြစ်ကာ ပါတီခေါင်းဆောင်ပိုင်းများနှင့် သာမကအောက်ခြေ အဖွဲ့ဝင်များကပါ လေးစားခံရသူ ဖြစ်သည်။ သူသည် ၁၉၈၉ ခုနှစ်ကတည်း အဖမ်းဆီးခံခဲ့ရပြီး ၂ဝဝ၈ စက်တင်ဘာတွင် ပြန်လွတ်လာခဲ့သည်။ ထောင်တွင်း ၁၉ နှစ်ကျော် အထိန်းသိမ်းခံခဲ့ရ သော်လည်းထောင်ကျနေဆဲ ဖြစ်သည်ဟုဆိုကာ ယခုတိုင် ထောင်ဝတ်စုံကို သင်္ကေတပြုကာ အပြာရောင်အင်္ကျီ ကို ဝတ်ဆင်လျက်ရှိသည်။

ရှမ်းပြည်နယ် အောင်ဘန်းမြို့ရှိ စာရေးဆရာကြီး ဒဂုန်တာရာ၏ မေလ ၈ ရက်နေ့ မွေးနေ့ပွဲသွားအပြီး အပြန်တွင် ကိုက်ခဲသဖြင့် ဆေးအပူများ လိမ်းရာမှ ဆင်ရေယုန်များ ပေါက်ခဲ့ကာ မကြာခဏ ကိုက်ခဲလေ့ရှိပြီး အာရုံကြောနှင့် သက်ဆိုင်သည်ဟု ယူဆသောကြောင့် အာရုံကြော ဆရာဝန်များနှင့်ပါ ပြသနေသည်။

“ရေယုန်က အာရုံကြောကိုလည်း ထိတယ်။ ဒါကြောင့် နာကျင်တာကို နည်းနည်းနဲ့ မြန်မြန် သက်သာအောင် အာရုံကြောနဲ့ ပတ်သက်လို့ ကုကြည့်ပါလို့ တိုက်တွန်းကြလို့။ အဲဒီဒဏ်ရာ ပျောက်သွားလိမ့်ပေမယ်လို့ အနာရှိတုန်းကလိုပဲ အထဲထဲမှာ ဆိုးဆိုးဝါးဝါးထိုးပြီး တချက်တချက် နာတာပေါ့” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်မှာ ထောင်မှ ပြန်လွတ်လာပြီးနောက် နှလုံးပုံမှန်လည်ပတ်နိုင်ရန် စက်တပ်ထားရသူလည်း ဖြစ်သည်။
Ref: Mizzima

0 comments:

အပေါ်သို့