Tuesday, June 28, 2011

မိုးများပြီး ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်နိုင်

June 28, 2011
ရွှေအောင်

မိုးရွာသွန်းမှုများပြီး ရေကြီးမှုအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ သတိပြုဖို့ လိုတဲ့အကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

အခုရက်ပိုင်းကတော့ တနိုင်ငံလုံးနီးပါးကို မိုးတော်တော်ကောင်းနေတာ တွေ့ရတယ်။ အဲဒါက မုတ်သုန်လေ အားကောင်းတဲ့ အတွက်ကြောင့်လား၊ ဘယ်လိုကြောင့်လဲ။


“သူက နှစ်ချက်ဗျ။ မုတ်သုန်လေကလည်း မဆိုးဘူး။ မဆိုးတဲ့အထဲမှာ မုတ်သုန်လေ အားကောင်းအောင် လုပ်တဲ့ဖြစ်ရပ်က နှစ်ခုဖြစ်သွားတယ်။ တခုကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်လောက်က အိန္ဒိယနိုင်ငံ အရှေ့မြောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေဖိ အားနည်းရပ်ဝန်း ဖြစ်ရာက မုန်တိုင်းငယ်အဆင့်ထိ ဖြစ်သွားတယ်။ သူက ရေပေါ်မှာတော့ မဟုတ်ဘူး။ အဲဒီလို ဖြစ်လိုက်တဲ့အတွက် မြန်မာနိုင်ငံ တလျှောက်မှာ ရှိတဲ့ မုတ်သုန်က အရမ်းအားကောင်း သွားတယ်။ အဲဒီမှာ မိုးတွေတအား ရွာတယ်။ နောက်တကြိမ်က ပြီးခဲ့တဲ့ ၂၄-၂၅-၂၆ အဲဒီပတ်ဝန်းကျင်လောက်က ဗီယက်နမ် ကမ်းခြေကို ဖြတ်တဲ့ တိုက်ဖွန်းမုန်တိုင်း၊ သူ့ရဲ့အကြွင်းအကျန် တိမ်တိုက်က မြန်မာပြည်ကိုလာတယ်။ လာတော့ သူကသုံးဆင့်ပေါ့။ ပထမ ဗီယက်နမ်ကို ဖြတ်တဲ့နေ့မှာလည်း ရန်ကုန် မြန်မာ့ကမ်းရိုးတမ်းမှာ မိုးရွာတယ်။ နောက် သူ့အကြွင်းအကျန် ကျနော်တို့ဘက်ကို ဖြတ်တော့လည်း မိုးရွာတယ်။ နောက်သူ့ရဲ့အရှိန်နဲ့ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းကလည်း ပြန်တက်လာတယ်။ အဲဒီမှာ မိုးရွာတယ်။ အဲဒီ အရက်ရက်တွေမှာ မုတ်သုန်ကလည်း မဆုံးတာရယ်၊ ခုနက ဘင်္ဂလားဒေ့ရှ်က မုန်တိုင်းငယ်ရယ်၊ နောက်တိုက်ဖွန်းမုန်တိုင်း အကြွင်းအကျန်ရယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်ရက်လောက်က မိုးအတော်ကောင်းပါတယ်။ အခုတောင် မိုးကတော်တော်လေးကို နည်းနည်းလေးတော့ ပြန်တက်နေပါတယ်။”

အဲတော့ အခုရွာတဲ့မိုးက ကျနော်တို့ တိုင်းပြည် စိုက်ရေးပျိုးရေးအတွက်က ဘယ်လိုဖြစ်နိုင်မလဲ။ အောင်ရေဖြစ်နိုင်မလား။

“ဘယ်လိုလုပ်မှ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာက ရှေ့ကနွေစပါးတွေဘာတွေ ကျတော့လည်း အကုန်ထိကုန်တာပေါ့။ အခု နောက်ကဟာကျတော့လည်း ပထမတော့ ဟုတ်တယ်။ မိုးကောင်းတဲ့အခါကျတော့ မြေဆီလွှာစွတ်စိုမှု ပြည့်ဝတဲ့အနေအထားတွေ ရောက်ကုန်တယ်။ ဆိုတော့ ဒါအဆင်ပြေပြီပေါ့။ အခုကျတော့ ပျိုးတွေကထောင်ထားပြီ၊ စိုက်ထားပြီ။ အဲဒီမှာ မိုးကဆက်တိုက်များနေတော့ ပဲခူးတိုင်းမှာတော့ အပင်တွေရေမြုပ်တယ်လို့ ကြားတယ်။ ကျနော်တို့ မိတ်ဆွေတွေ တနေ့က သွားကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ ကျနော်နားလည်သလောက် ကျနော်ကတော့ စိုက်ပျိုးရေး ကျွမ်းကျင်သူတော့ မဟုတ်ဘူး။ ဒါပေမယ့် သူကကောင်းတာနဲ့ဆိုးတာဆိုရင် ဆိုးတာဘက်ကို နည်းနည်းများတယ်။”

အဲတော့ တောင်သူတွေ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေနဲ့ ကျနော်တို့ ကြိုတင်စီမံထားဖို့ အစီအမံကောင်းဖို့ လိုတယ်ဆိုတာကို ဆရာဆွေးနွေးပေးပါလား။

“ဒီလိုဗျာ။ သဘာဝကတော့ ထိတာပေါ့။ သဘာဝဆိုတာ အမြဲတမ်းလည်း ကောင်းတာမဟုတ်တော့ မှန်တာပြောရင် မကောင်းတာတောင် များနေပါတယ်။ အဲတော့ မကောင်းတိုင်း ဘာမှ ကျနော်တို့မှာ အကြံကောင်း အစည်ကောင်း၊ လုပ်ငန်းစီမံချက်ကောင်း မရှိဘူးဆိုရင် လုပ်သမျှခံပြီး ပြုသမျှ နုနေရတာပေါ့။ အဲတော့ ကျနော်တို့ အားလုံးဝိုင်းဝန်းပြီးတော့ နည်းလမ်းကောင်းတွေပေါ့။ ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့။ အသက်သာဆုံး၊ အပျက်အစီး အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် လုပ်သင့်တဲ့အချိန်တော့ အမှန်ရောက်နေပြီပေါ့၊ ဥပမာ အခုလို မိုးများနေတယ်။ မိုးများနေတော့ ရေကြီးတော့မယ်။ ရေကြီးမယ်ဆိုရင် ရေကြီးမှုကို ကာကွယ်ဖို့ ဘာတွေကြိုလုပ်မလဲပေါ့။ နောက် ကျနော်တို့ ရေလှောင်ကန်တွေရှိတယ်။ ရေလှောင်ကန်တွေက ရေကြီးတယ်ဆိုရင် ဒါသူတို့ အစီအမံတွေ လုပ်ဖို့တော့ အစီမံတော့ ရှိသင့်တယ်။ အခုချိန်မှာ ရေက တော်တော်လေး ကန်တွေထဲမှာရှိမယ်။ နောက်တော့ မိုးများလိုက်မယ်ဆိုရင် ဒီကန်မှာ ကန်အတွက်လည်း အန္တရာယ်ရှိမယ်။ အန္တရာယ်ရှိမှာဆိုးလို့ လွှတ်ရင်လည်း ဘာပဲပြောပြော ထိခိုက်မှုရှိမယ်။ အဲဒီအချက်များကြောင့် ဒီလိုအစီအမံတွေပေါ့။ အထူးသဖြင့် မိုးလွန်မှမုန်တိုင်းတွေ လာဦးမယ်။ အချိန်အခါမဟုတ် မိုးတွေလာဦးမယ်။ အဲတော့ ကျနော်တို့ မုန်တိုင်းအန္တရာယ်လည်း ကြိုပြင်ရမယ်။ နောက်တော့တတိယ ရေကြီးတာလည်းပါတော့ ကြိုပြင်ရမယ်။ အဲဒီအချိန်မှာ ရိတ်သိမ်းချိန်ဖြစ်နေတော့ ရိတ်သိမ်းတဲ့အသီးအနှံအားလုံးက အပြင်မှာ အချိန်ကြာကြာ အေးအေးဆေးဆေး လုပ်လို့တော့ရမှာ မဟုတ်ဘူး။ အဲတော့ ဒီနေ့ ကျနော်တို့ နွေစပါးတွေရိတ်တုန်းက ကျနော်တို့ တွေ့ခဲ့ရတဲ့အတွေ့အကြုံက တချို့အတွေ့အကြုံမရှိတာရယ်၊ ခေတ်မမီတာရယ်၊ ငွေကြေးမပြည့်စုံတာရယ်။ နွေစပါးတွေကို ရိတ်တာပေါ့ဗျာ။ ရိတ်ပြီးတော့ နောက်စိုက်မယ့် စပါးတွေကို လုံးပန်းနေတယ်။ ရှေ့ကရိတ်ထားတဲ့ကောင်ကို ဒီတိုင်းပဲ တပတ်လောက် ပစ်ထားတယ်။ အမှတ်မထင် မိုးရွာလိုက်တော့ အကုန်လုံးစိုပြီး ပျက်ကုန်တာပေါ့။ ရာသီဥတုကတော့ သမားရိုးကျသွားဖို့ ခုချိန်မှာ တော်တော်လေး ပြောရခက်တယ်။ အဲဒါလေး သိစေချင်တာပါ။ ပြောင်းပြန်ပြန်ကြည့်ရမယ့် အခြေအနေတောင် ရောက်လာမလားပေါ့။ အဲဒါတော့ ရေကြီးတဲ့အန္တရာယ်ပေါ့။ အရင်တုန်းကတော့ ပူပြင်းလွန်းလို့ ရေမရှိလို့၊ ဒီနှစ်တော့လည်း မိုးများပြီးရေကြီးမယ့် အန္တရာယ်။ အဲဒါလေးတွေ ကြိုပြင်ဖို့တော့ လိုတယ်လို့ ကျနော်က အဲလိုပဲ ယူဆပါတယ်။”

အခုလက်ရှိ ရွာသွန်းတဲ့မိုးက မိုးများတယ်လို့ ယူဆလို့ ရတယ်ပေါ့နော်။

“ကျနော်ပြန်ကြည့်လိုက်တာ တပြည်လုံးကို ရွာတာ ရွာသွန်းမြဲအောက် လျော့သွားတာ တနေရာမှမရှိဘူး။ ရွာသွန်းမြဲနဲ့ ရွာသွန်းမြဲအထက်ကြီးပဲ။ ရွာသွန်းမြဲတောင်မှ သုံးလေးမြို့လောက်ပဲရှိတယ်။ ကျန်တာအထက်ကြီးပဲ။ အများကြီးတော့ မဟုတ်ဘူး။ ၃၀-၄၀ ရာခိုင်နှုန်းလောက်၊ ၅၀ ရာခိုင်နှုန်းလောက်တော့ ပိုကြတာကြီးပဲ။ ရွာသွန်းမြဲထက်ပိုတဲ့နှစ် မိုးကောင်းတဲ့နှစ်လို့ သေချာပေါက် ဇွန်လကုန်ထိ ပြောနိုင်ပါတယ်။”

အနီးကပ်ဆုံး မိုးလယ်ကာလကိုကော ဘယ်လိုခန့်မှန်းပါသလဲ။

“မိုးလယ်တော့ နိုင်ငံတကာ ခန့်မှန်းတာတော့ ရိုးရိုးနှစ်လိုပဲ ခန့်မှန်းတယ်။ ရိုးရိုးနှစ်ဆိုရင်တော့ မိုးက ပုံမှန်လောက်တော့ ရွာမှာပေါ့။ သိပ်မများဘူး။ နည်းလည်းနည်းမှာ မဟုတ်ဘူး။ ခက်တာက ရေခံက တအားကောင်းနေတယ်။ ရိုးရိုးတိုင်းရွာလိုက်ရင် ဒီရေခံနဲ့ဆိုရင်တော့ ရေကြီးတဲ့ဘက်ကို ပါလိမ့်လို့ ထင်ပါတယ်။”

အဲဒါဆိုရင် ကျနော်တို့ ရေကြီးမယ့်အန္တရာယ်ကို သတိထားဖို့ လိုမယ်လို့ အဆုံးသတ်ပြောလို့ ရမလား။

“ဟုတ်ကဲ့ လိုပါတယ်။ လောလောဆယ်ကတော့ လက်ရှိရာသီ ဥတုအနေအထားအရ ကျနော်တို့ မြန်မာနိုင်ငံက နောက်ထပ်သုံးလလောက် စက်တင်ဘာလကုန်ထိ မုန်တိုင်းအန္တရာယ်လည်း မရှိဘူး၊ မိုးတိမ်တောင်တွေလည်း နည်းသွားပြီ။ ကျနော်တို့ သတိထားရမှာ ရေကြီးမှုအန္တရာယ်ပဲ။ မိုးကြီးရင် မြေပြိုတာလည်း ဖြစ်တယ်။ မြေပြိုတာလည်း လျှော့တွက်လို့ မရဘူး။ အခုတော်တော်ဖြစ်တယ်။ မွန်၊ တနင်္သာရီဘက်မှာလည်း မြေပြိုတာတွေ့တယ်။ အဓိကတော့ မိုးများလို့ ဖြစ်တဲ့ သဘာဝဘေးတွေကို ကျနော်တို့ ပိုအာရုံစိုက်ဖို့ လိုမယ်။ မိုးလွန် အောက်တိုဘာ၊ နိုဝင်ဘာကျတော့လည်း မုန်တိုင်းကို နည်းနည်းပြန်သတိထားဖို့လိုပါမယ်။”
Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့