Thursday, June 30, 2011

ဟန်ချက်ညီစစ်ရေးလှုပ်ရှားမှု ဖော်ဆောင်သွားမည်

June 30, 2011
ခင်မင်းဇော်

မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးတိုက်ပွဲတွေဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းချင်တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ သဘောထားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေသာ ဖြစ်တယ်လို့ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးမျိုးဝင်းက ပြောပါတယ်။


မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပေါ်ကို မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်က မနေ့က သဘောထား ကြေညာချက် တစောင် ထုတ်ပြန် လိုက်တာ ဖြစ်ပြီး ဟန်ချက်ညီတဲ့ စစ်ရေး လုပ်ငန်းစဉ် ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်း သွားမယ်လို့ ဦးမျိုးဝင်းက ပြောပါတယ်။

“ဒီအေဘီမှာ ကျနော်တို့ စစ်ရေးလုပ်ငန်းတွေကို အဓိကထား ဆောင်ရွက် သွားနိုင်ဖို့အတွက် ကျနော်တို့ ဒီအေဘီ စစ်ရေး ကော်မတီ ဖွဲ့စည်းထားတာ ရှိတယ်။ ဒီအေဘီ စစ်ရေးကော်မတီအနေနဲ့ ဒီအေဘီအဖွဲ့ဝင် အဖွဲ့အစည်း အနေနဲ့ သော်လည်းကောင်း၊ ပြီးတော့ ဒီအေဘီအဖွဲ့ဝင် မဟုတ်တဲ့ အဖွဲ့အစည်းအနေနဲ့ သော်လည်းကောင်း စစ်ရေးအရ ဟန်ချက်ညီတဲ့ စစ်ရေး လုပ်ငန်းစဉ် ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ ကြိုးပမ်းနေတယ်။”

ဒီကြေညာချက်မှာ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေးတောင်းဆိုနေရုံနဲ့တော့ မရနိုင်ကြောင်း၊ လူထုတိုက်ပွဲ ဖိအား၊ သံတမန်ရေး ဖိအား၊ စစ်ရေးတိုက်ပွဲ ဖိအား တွေနဲ့သာ တွေ့ဆုံ ဆွေးနွေးရေးကို လက်ခံလာအောင် ဆောင်ရွက်ကြရမယ်လို့ နှိုးဆော်ထားပါတယ်။

“အားလုံးပြန်လည် သုံးသပ်မယ် ဆိုရင်တော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး အတွက် တောင်းဆိုခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အတွက် ဆန္ဒမရှိတဲ့ ဒီစစ်အစိုးရကို တောင်းဆိုနေရုံနဲ့ မလုံလောက် ဘူးလို့ ကျနော်ထင်တယ်။ အဲဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။ ပြည်တွင်းပြည်ပ အင်အားစုတွေ အားလုံး၊ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ နိုင်ငံရေးတိုက်ပွဲ၊ လူထုတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲ၊ ပြီးတော့ သံတမန်ရေး တိုက်ပွဲ ဒီတိုက်ပွဲ နည်းလမ်းတွေကို ကျင့်သုံးပြီးတော့မှ ကျနော်တို့ တိုက်ပွဲ အရှိန် မြှင့်တင်ရမယ်။ ဒီ တိုက်ပွဲပေါင်းစုံနဲ့ ဖိအားတွေကို မြှင့်တင်ရမယ်။”

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများ အနေနဲ့ ဟန်ချက်ညီစစ်ရေး လှုပ်ရှားမှုတွေ ဖော်ဆောင် နိုင်ရေးနဲ့ စစ်ရေးဖိအား တိုးမြှင့် ဖော်ဆောင်နိုင်ရေးကို ပြုလုပ်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်တွင်းပြည်ပ ပြည်သူတွေက ရုပ်အားဖြင့် လည်းကောင်း စိတ်ဓာတ် အားဖြင့်လည်းကောင်း ၀န်းရံပံ့ပိုးကူညီသွားကြဖို့ လိုကြောင်း ကိုမျိုးဝင်းက ခုလို ဆက်ပြောပြပါတယ်။

“ကျနော်တို့ ပြည်တွင်းလူထုတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲနဲ့ ဟန်ချက်ညီညီ လိုအပ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဓိကကတော့ ကျနော်တို့ရဲ့ စစ်ရေးတိုက်ပွဲ

လှုပ်ရှားမှုက ပြည်တွင်းနိုင်ငံရေး လူထုတိုက်ပွဲကို တွန်းအား ဖြစ်စေတဲ့ စစ်ရေးတိုက်ပွဲတွေ ဖြစ်ဖို့ လိုအပ်တယ်။ နှစ်ခုက သဟဇာတ ဖြစ်ပြီး ဟန်ချက်ညီဖို့ အရေးကြီးတယ်။ ထိုနည်းတူစွာပဲ ကျနော်တို့ ပြည်တွင်းလူထု လှုပ်ရှားမှုကလည်းပဲ ကျနော်တို့ တော်လှန်ရေးနယ်မြေမှာ ရှိနေတဲ့ စစ်ရေးတိုက်ပွဲကို တွန်းအားဖြစ်စေတဲ့ တိုက်ပွဲဖြစ်ဖို့လိုတယ်။ အခုလိုမျိုး နိုင်ငံရေး အရ စစ်ရေးအရ ဟန်ချက်ညီတဲ့ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ဆိုရင် နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိတဲ့၊ တန်းတူရည်တူ ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုကို နအဖနဲ့လည်း လုံးဝလက်ခံမှာ မဟုတ်ဘူး။ ဘက်ပေါင်းစုံကနေ တိုက်ပွဲသဏ္ဌာန်သုံးမျိုးကို ကျနော်တို့ စနစ်တကျ ဖော်ဆောင်သွားဖို့ လိုတယ်။”

မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ လက်နက်မကိုင် အဖွဲ့အစည်းနဲ့ ဒီမိုကရေစီ အင်အားစု အဖွဲ့ပေါင်း ၂၅ ဖွဲ့နဲ့ ဖွဲ့စည်း ထားပါတယ်။

Ref: ဒီဗွီဒီ

0 comments:

အပေါ်သို့