Tuesday, June 28, 2011

မန္တလေးဗုံးကွဲအပြီး ကချင်နှစ်ဦး စစ်ဆေးခံရ

June 28, 2011
အေး​နိုင်

မန္တလေးမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် မျက်ပါးရပ်မှာ ရောက်ရှိနေသူ နှစ်ဦးကို သက်ဆိုင်ရာက ခေါ်စစ်နေတယ်လို့ မန္တလေးသားတချို့က ပြောပါတယ်။


သက်ဆိုင်ရာက ဗုံးကွဲတဲ့နေရာအနီးမှာ တယ်လီဖုန်း တလုံးကို တွေ့လို့ လိုက်ရာကနေ အမှတ် ၃၆ လမ်း မျက်ပါးရပ်မှာ နေထိုင်တဲ့ အိမ်တအိမ်ကို ၀င်ရောက် စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် အိမ်ရှင်တွေနဲ့ ဧည့်သည်တွေကို စခန်းကို ခေါ်ဆောင်ရာကနေ အိမ်ရှင်တွေကို ပြန်လွှတ်ပေး လိုက်ပြီး ဧည့်သည်ကချင်နှစ်ဦးကို စစ်မေးနေတာလို့ ဆိုပါတယ်။

“အဲဒီပတ်ဝန်းကျင်နားကို ဖုန်းတလုံး ကျကျန်ခဲ့တယ်။ အဲဒီဖုန်းက ဘယ်ကလဲဆိုပြီး လိုက်ရှာတာ အဲဒါ ၃၆ လမ်း မျက်ပါးရပ်က ရွှေဆိုင်းလုပ်တဲ့အိမ် ဖြစ်နေတယ်။ အဲဒီအိမ်ကို လာစစ်ဆေးတဲ့အခါ အဲဒီအိမ်မှာ ဧည့်သည်ကချင် ၂ ယောက် တွေ့တယ်။ တအိမ်လုံးကို စစ်ဆေးပြီးတော့ ညဘက်ကျတော့ ရွှေဆိုင်းလုပ်တဲ့ မိသားစုကိုတော့ ပြန်လွှတ်လိုက်တယ်။ ကချင် ၂ ယောက်ကိုတော့ ဖမ်းသွားတယ်။ ကချင် ၂ ယောက်က ဧည့်သည်ဆိုပြီး ကချင်ပြည်နယ်ဒေသက ဆိုပြီးတော့ အဲတော့ဒီ ၂ ယောက်ကိုတော့ ဖမ်းသွားတယ်။ အခုထိတော့ ပြန်လွတ်လာတဲ့ သတင်းတော့ မကြားရဘူး။”

ဇွန် ၂၄ ရက်နေ့က မန်းတလေးမြို့ ဈေးချိုအနီး ရပ်နားထားတဲ့ ကားတစီးမှာ ပြင်းထန်တဲ့ ဗုံးတလုံးပေါက်ကွဲခဲ့သလို နာရီခြားပြီး ပြင်ဦးလွင်နဲ့ နေပြည်တော်က လူမနေတဲ့အိမ်တွေမှာ ဗုံးတွေ ပေါက်ကွဲခဲ့ပါတယ်။ ဒီဗုံးဖောက်တဲ့ တရားခံတွေကို အစိုးရက မကြေညာနိုင်သေးသလို လက်သည်ဘယ်သူမှန်း မသိရသလို ဘယ်သူကမှလည်း ထုတ် မပြောကြပါဘူး။

ဒီဗုံးတွေ မကွဲခင်က သီတင်းပတ် အနည်းငယ်အကြာတုန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့မွေးနေ့ ဇွန် ၁၉ ရက် နောက်ပိုင်းကျရင် မန္တလေးဘက် ခရီးထွက်မယ်လို့ ထင်ကြေးပေး ခန့်မှန်းမှုတွေ ကျယ်ပြန့်ခဲ့ပါတယ်။
Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့