Tuesday, June 28, 2011

လူကုန်ကူးမှုကိစ္စ မြန်မာအစိုးရ ဆောင်ရွက်ပုံ မလုံလောက်

2011-06-28

မြန်မာနိုင်ငံက အမျိုးသား အမျိုးသမီး ကလေးငယ်တွေဟာ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံရ သလို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အခြားနိုင်ငံတွေကို လိင်ကုန်ကူး ရောင်းစားတာ ခံကြရ တယ်လို့အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။


မနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ၂၀၁၁ ခုနှစ် လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိဘူးလို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးခံရပြီး နည်းမျိုးစုံနဲ့ မတရား အလုပ် ခိုင်းစေခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ အမျိုးသမီး Nicole Thompson က အာအက်ဖ်အေကို ပြောပါတယ်။

မြန်မာ ကလေးငယ်တွေဟာ ထိုင်းနိုင်ငံမှာ သူတောင်းစားတွေ၊ ဈေးရောင်းသူတွေ အဖြစ် အတင်း အဓမ္မ ခိုင်းစေ ခံနေရပါတယ်။ ဒါအပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းနဲ့ တောင်ကိုးရီးယား နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်ကြတဲ့ မြန်မာအ မျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အတင်းအဓမ္မ အလုပ်ခိုင်းစေ ခံရပြီး လိင်ကုန်ကူး ရောင်းစားတာလည်း ခံကြရတယ်လို့ ပြောသွားတာပါ။

တရုတ် ပြည်နယ်စပ်မှာ အမျိုးသမီးနဲ့ မိန်းခလေးတွေ ရောင်းစားခံရတဲ့ ကိစ္စကို အလေးထား နှိမ်နင်း နေတယ်လို့ မြန်မာ အာဏာပိုင်တွေက တုန့်ပြန် ပြောဆိုကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း မြန်မာနိုင်ငံက အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုဟာ ဆိုးရွားတဲ့ လူကုန်ကူးမှု တစ်ရပ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ဒါကြောင့် စစ်တပ်ကနေ ကလေး စစ်သား အဖြစ် စုဆောင်းနေတာ၊ အရပ်သားတွေကို အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ လုပ်ရပ်တွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာအစိုးရကို အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
Ref: Mizzima

0 comments:

အပေါ်သို့