Tuesday, August 16, 2011

ပဲခူးခရီးစဉ်နဲ့ပတ်သက်ပြီး ဒေသခံအာဏာပိုင်တွေနဲ့ လူထုကို ကျေးဇူးတင်ကြောင်း ဒေါ်စု ပြောကြား

August 15, 2011
အံ့ဘုန်းမြတ်

နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်​ လွတ်မြောက်လာပြီး​ နောက်ပိုင်း ပထမဆုံး ရန်ကုန်ပြင်ပ ပဲခူးမြို့သို့ ဒီလ ၁၄ ရက်နေ့က သွား ရောက်ခဲ့တဲ့ နိုင်ငံရေးခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အဘက်ဘက် ကူညီ​ ဆောင်ရွက်ပေး ခဲ့ သူတွေ အပါ အ၀င် ဒေသခံ​ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအား အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုက် ပါတယ်။


ဒီကနေ့ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာ ထုတ်ပြန်ပြီး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်း ကြိုင်က ခုလို ပြောပြပါတယ်။

“ပဲခူးမြို့နှင့် သနပ်ပင်မြို့များသို့ သွားရောက်ခဲ့သော ခရီးစဉ် အတွင်း ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ဆရာတော်၊ သံဃာတော်များ၊ အနောက် ရွှေနံ့သာ ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များအား တွေ့ဆုံဖူးမြော်၍ မေတ္တာနှင့် ဩ၀ါဒများကို ခံယူနိုင်ရန်အတွက် စီစဉ်ဆောင် ရွက်ပေးသူများအား လည်းကောင်း၊ လာရောက် အားပေး ကြသော ပြည်သူ လူထုအားလည်းကောင်း၊ ဒီမိုကရေစီ ကွန်ရက်များနှင့်၊ လူမှုကွန်ရက်များက အဖွဲ့ဝင်များအား လည်းကောင်း၊ အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသော ဒေသဆိုင်ရာ အာဏာပိုင်များအား လည်းကောင်း၊ လူမှုရေး အဖွဲ့အစည်းများအား လည်းကောင်း၊ ပြည်တွင်း ပြည်ပ မီဒီယာအဖွဲ့များ အားလည်းကောင်း၊ တာဝန်ကျေပွန်စွာ စီစဉ်ဆောင်ရွက်ပေးသော အဖွဲ့ချုပ် အဖွဲ့ဝင်များအား လည်း ကောင်း၊ အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲလိုမျိုး ကြေညာပါတယ်။”

ဒီခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူး ရွှေမော်ဓောဘုရားကို ၀င်ရောက် ဖူးမြော်ခဲ့သလို ဘုရားဝင်း တောင်ဘက်မုခ်မှာရှိတဲ့ သာသနာ့ မဏ္ဍိုင်ကျောင်းက ဆရာတော်ကြီး အပါအ၀င် ရဟန်း သံဃာတွေကို သင်္ကန်းဆက်ကပ် လှူဒါန်းတာတွေ ပြုလုပ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သနပ်ပင်မြို့နဲပဲခူးမြို့တွေမှာ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံကို ကမ္ဘာက အဆင့်အတန်းရှိတဲ့ နိုင်ငံတခုအဖြစ် လက်ခံလာအောင် ၀ိုင်းဝန်းကြိုးစားကြဖို့နဲ့ နိုင်ငံရေးမှာ အားလုံး ပါဝင်လာဖို့အတွက် တိုက်တွန်းခဲ့သလို မြန်မာအစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေတချို့ကိုလည်း ပြည်သူလူထုကို ရှင်းလင်းပြောကြားခဲ့သလို ရေဘေးသင့် ပြည်သူတွေကိုလည်း အားပေးမှု ပြုလုပ်ခဲ့ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့