Monday, August 15, 2011

အကျဉ်းသားတွေ ပြန်လွှတ်မလား

လင်းသန့်
15 August 2011

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ မကြာသေးမီက ၂ ကြိမ် တွေ့ဆုံခဲ့ခြင်း၏ ရလဒ်တခုအဖြစ် နိုင်ငံရေး အကျဉ်းသား တချို့ မကြာခင် ပြန်လွတ်လာမည်ဟု သုံးသပ်သူများက ပြောဆိုနေကြသည်။


ဆွေးနွေးချက် အသေးစိပ်ကို နှစ်ဘက်လုံးက လူသိရှင်ကြား ပြောဆိုခြင်း မရှိသေးသော်လည်း ပူးတွဲ ကြေညာချက်များ ထုတ်ပြန် ပြီး ဆက်လက် တွေ့ဆုံသွားကြရေးကို အလေးပေး ဖော်ပြခဲ့ကြသည်။

ဆွေးနွေးပွဲများတွင် နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ တိုင်း ရင်းသားဒေသ လက်နက်ကိုင် ပဋိပက္ခ၊ ဖျက်သိမ်း သည်ဟု ကြေညာ ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆက်လက် ရပ်တည်ရေး စသည့် အကြောင်း အရာများ ပါဝင်သည်ဟု ဦးအောင်ကြည်၊ ဒေါ်အောင် ဆန်းစုကြည်တို့နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် အနက် တချို့ကို ရက်သတ္တပတ် အနည်းငယ် အတွင်း ပြန်လွှတ်ပေးဖွယ် ရှိသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် အမည်မဖော်လိုသူတဦးက ပြောသည်။

ကိုမင်းကိုနိုင် ကဲ့သို့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသားခေါင်း ဆောင်များ၊ လူရွှင်တော် ဇာဂနာ စသည့် ထင်ရှားသူများ ပါဝင်ခြင်း ရှိမရှိ မသိရသေးပေ။

NLD ပါတီ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က “နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးကိစ္စက အင်မတန် သိမ်မွေ့စွာနဲ့ ဒေါ်အောင်ဆန်းစုကြည် က ကိုင်တွယ်နေရတာပါ။ NLD အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ကို တစိုက်မတ်မတ် တောင်းဆိုနေပါတယ်။ လွှတ်ပေးလာရင်တော့ အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်တာပေါ့” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးပြီး နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ပေးရန် လိုအပ်ကြောင်း၊ အကြိမ် ကြိမ် ထိန်းသိမ်းခံရသည့် ထိုပုဂ္ဂိုလ်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် လုပ်ဆောင် ခဲ့ သူများ ဖြစ်ကြောင်း AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။

“နိုင်ငံတကာမျက်နှာစာမှာ ကောင်းဖို့အတွက် လုပ်တဲ့အနေနဲ့ အစိုးရဘက်က ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ချန်ထားပြီး လွတ်ခါနီးသူတွေနဲ့ တချို့လောက်ကို လွှတ်ပေးလာနိုင်ပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က သုံးသပ်သည်။

ယခင်ကလည်း ထိုသို့ လုပ်ဆောင်ခဲ့သည့် သာဓကများ ရှိသည်ဟု ဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်တို့ ဒုတိယ အကြိမ် တွေ့ဆုံပြီး နောက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပဋိပက္ခ ရှောင်ရှားပြီး အပြန်အလှန် ကူညီ ပူးပေါင်းရေးလမ်းစဉ်ကို ရှေ့ရှုကြောင်း၊ ဆက်လက် တွေ့ဆုံမည်ဖြစ်ကြောင်း ပူးတွဲ ကြေညာချက်ထုတ်ခဲ့သည်။

ဆွေးနွေးပွဲ၏ ရလဒ်နှင့်ပတ်သက်၍ NLD ပါတီ တာဝန်ရှိသူတဦးက “ကျနော်တို့နဲ့ အစိုးရကြားမှာတော့ တချို့တိုးတက်မှုတွေ ရှိတယ် လို့ ပြောလို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမယ့် ဆွေးနွေးမှုတွေမှာ အချိန်အပိုင်းအခြားနဲ့ လုပ်ဆောင်ဖို့ အစိုးရ ၀န်ကြီးကို တောင်းဆိုခဲ့တယ်” ဟု ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအကြောင်း ပြောဆိုရန် အသင့်မဖြစ်သေးဟု ဆိုသည်။

“ပြည်သူလူထု လိုချင်တာကို ကျမသိပါတယ်။ ပြည်သူလူထုဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျမ ကြိုးစားနေပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေတော့ ကျမ မပေးချင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ထိုဆွေးနွေးမှုများနှင့် ပတ်သက်ပြီး တနင်္ဂနွေနေ့က ပဲခူးမြို့လူထုနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယခင် စစ်အစိုးရ လက်ထက်ကတည်းက အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများ မရှိခဲ့ပေ။ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသစစ်ပွဲ များ ပြန်လည်ဖြစ်ပေါ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ထပ်မံ စတင်ခဲ့ခြင်းဖြစ်သည်။

ယခု တွေ့ဆုံမှုများသည် မြန်မာအစိုးရက ၂၀၁၄ ခုနှစ် အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အသင်းက တောင်းဆို ထားသည့် စံချိန် စံညွှန်းများကို ဖြည့်ဆည်းပြသည့်အနေဖြင့် ကြိုးပမ်းမှုတရပ်ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။

အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် မြန်မာနိုင်ငံက အဆင်သင့် ဖြစ်နေပြီဟု မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး တွေ့ဆုံမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် ငြိမ်းချမ်းရေး စကား ဆိုနေခြင်းများကို သတိနှင့် ကြိုဆိုနေကြပြီး မြန်မာအစိုးရက ငြိမ်းချမ်းရေး သပြေခက် ဟန်ပြ ကမ်းနေခြင်းဖြစ်သည်ဟု ဝေဖန်နေ ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ချိန်၌ နေပြည်တော်တွင်လည်း အစိုးရ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည်။ ရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် တိုက်ခိုက်နေမှု၊ NLD ပါတီ ပြန်လည် မှတ်ပုံတင် ရေး၊ NLD နှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေါ်လာအစားထိုး FEC ငွေကြေးသုံးစွဲမှု ရပ်စဲပြီး နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF နှင့် ညှိနှိုင်းရေး စသည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို ထုတ်ဖော် ပြောကြားခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့