Thursday, August 18, 2011

တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် စတင်

ရန်ပိုင်
18 August 2011

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) က လုပ်ငန်း စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ ပန်ဆိုင်း စသည့် ဒေသများကို ဖြတ်သန်းသွားမည် ဖြစ်ပြီး ယခုအခါ ကျောက်မဲမြို့နယ်တွင် ပိုက်လိုင်းဖြတ်သန်းမည့်နေရာများ၌ ရှိနေသည့် ဥယျာဉ်ခြံမြေများအတွက် CNPC က လျော်ကြေးများ စတင်ပေးနေကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။


“ပိုက်လုံးတွေပုံဖို့ မြေငှားချင်တယ် လာပြောတယ်။ အဆောက်အဦးပါ ဆောက်မယ်။ သူတို့ပြန်ရင် အဆောက်အဦးကို ကိုယ်ပိုင် မှာပေါ့” ဟု ၄င်းမြို့ခံက ဆိုသည်။

အဆောက်အဦး ဆောက်လုပ်ခြင်းနှင့် ပိုက်လုံးများ စုပုံရန် နေရာအဖြစ် မြေ ၇ ဧကအတွက် ငှားခ ၁ လလျှင် ၁၆၁ သိန်းပေး ကြောင်း၊ CNPC မှ တာဝန်ရှိသူများက ဒေသတွင်းဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးမည်ဟု ဆို ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

ယခု စီမံကိန်းတွင် ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် မီးရထားလမ်းအပြင် ကားလမ်းပါ ပါရှိမည်ဟု သိရသည်။

အဆိုပါ စီမံကိန်းအရ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် စတင်ကာ အမ်းမြို့နယ်အတွင်းမှနေ၍ ရခိုင်ရိုးမကို ဖြတ်ကျော်မည်ဖြစ်ပြီး မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ ရေနံချောင်းမြို့နယ်အတွင်း ၀င် ရောက်မည်ဖြစ်သည်။

ထိုမှတဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ထိုမှတဆင့် ပုသိမ်ကြီးမြို့နယ်မှ မေမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ် မည်ဖြစ်သည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်းရှိ ၀က်မစွတ်၊ ညောင်ညို၊ ရေနက်ချောင်း၊ အုတ်သျှစ်ကုန်း၊ ငါးလံတာ၊ ရှားတော စသည့် ကျေးရွာများ၌ ပိုက်လိုင်းများချကာ လုပ်ငန်းများလုပ်ဆောင်နေပြီး သီးနှံပျက်စီးမှုများနှင့် ထွန်ယက်စိုက်ပျိုးမှုများ ခေတ္တ ရပ်ဆိုင်း ထားရသည့် တောင်သူများကို CNPC က သီးနှံထွက်ရှိမှုအပေါ် မူတည်၍ ထိုက်တန်သည့် လျော်ကြေးပေးကြောင်း ရေနံချောင်း ဒေသခံတဦးက ပြောသည်။

ပိုက်လိုင်းသည် စုစုပေါင်း ၂၈၀၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး ဖြတ်သန်းမည့် ဒေသတလျှောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် CNPC က အမေရိကန် ဒေါ်လာ ၆ သန်း မြန်မာအစိုးရကို ပေးအပ်ထားသည်။

သို့သော် ရခိုင်ပြည်နယ်တွင်မူ အလုပ်အကိုင်များနှင့် ပတ်သက်၍ ခေါင်းပုံဖြတ်မှုများ၊ အဓမ္မ လယ်မြေသိမ်းဆည်းခံရမှုများ၊ လူအခွင့်အရေး ချိုးဖောက်ခံရခြင်းများ ဖြစ်ပေါ်နေသည်ဟု ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်း အောင်က ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့