Tuesday, August 16, 2011

ရန်ကုန်လမ်းဘေးဈေးသည် ၅၀၀ ကျော် သမ္မတထံ စာရေးပေးပို့

August 15, 2011
နော်နိုရင်း

အခုလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ လမ်းဘေးဈေးသည်တွေ အတွက် စည်းကမ်း ချက်ကို မကျေနပ်လို့ လမ်းဘေးဈေးသည် ၅၀၀ ကျော်က လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ စာရေးပေး ပို့လိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လမ်းဘေးဈေးသည်တွေ လိုက်နာရမယ့် စည်းကမ်းချက်ဆိုပြီး စည်ကမ်းချက် ၇ ချက်ကို အခုလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။


အဲဒီ စည်းကမ်းချက်တွေထဲမှာ မြို့တွင်း ၆ မြို့နယ်အတွင်း နာမည်တပ် လမ်းမကြီးနဲ့ လူသွားစင်္ကြန်တွေပေါ်မှာ ဈေး ရောင်းချခွင့် မရှိတာ၊ ဈေးရောင်းသူတွေဟာ နိုင်ငံသား စိစစ်ရေးကတ်နဲ့ ဈေးရောင်းတဲ့ မြို့နယ်မှာ နေထိုင် ကြောင်း၊ ပုံစံ ၁၀ အမြဲ ယူဆောင် ရမယ် စတဲ့အချက် တို့ကို မကျေနပ်တာကြောင့် အခုလို လက်မှတ်ထိုးပြီး သမ္မတဆီ စာရေးတောင်းဆိုတာလို့ လသာမြို့နယ်က ဈေးသည် မနီနီသန်းက ပြောပါတယ်။

“၉ ရက်နေ့ညက လာပြီး စာရွက်ဝေတယ်။ စည်းကမ်းချက် (၇) ချက်ပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲမှာ သုံးချက်လောက် က ဘယ်လိုမှ လိုက်လျောလို့ မရတာမျိုးပေါ့။ ဈေးရောင်းတဲ့ လူက ရောင်းတဲ့မြို့နယ်မှာ နေတယ်ဆိုတဲ့ အကြောင်း ပုံစံ (၁၀) မိတ္တူ ဆောင်ထားရမယ်။ နောက်တခုက မနက် ခြောက်နာရီက ည ရှစ်နာရီအတွင်းမှာပဲ ရောင်း လို့ရမယ်။ နောက်တချက်က လူသွား စင်္ကြန်နဲ့ နာမည်တပ်ထားတဲ့ လမ်းတွေမှာ ရောင်းလို့မရဘူး။ အဲဒီသုံးချက်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့် ဒီသုံးခုကတော့ အဆင်မပြေနိုင်ဘူး ဆိုတာကို ဈေးသည် တွေဆီကနေ လက်မှတ်တွေ လိုက်ကောက်ပြီး အဲဒီလက်မှတ်တွေနဲ့ တကွ၊ တခါတည်း သမ္မတထံကို စာတင်တာပါ။”

ဈေးသည် အယောက် ၅၀၀ ကျော် လက်မှတ်ထိုးထားတယ်ဆိုပေမယ့် မှီခိုသူတွေကပါ ပါဝင်ရင် လူ ၂၀၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ဈေးရောင်းဖို့ အခက်ဖြစ်ရင် မှီခိုသူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့အထွေထွေ ကုန်ကျစရိတ်တွေပါ ဒုက္ခရောက်ကြရမှာ ဖြစ်တယ်လို့ မနီနီသန်းက ဆက်ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံချက်ကို လုပ်ဆောင်တယ်လို့ ဆိုပေမယ့် အခုလို လုပ်ဆောင် တာဟာ ပြည်သူတွေကို ပိုပြီး ဒုက္ခပေးရာရောက်တယ်လို့လည်း မနီနီသန်းက ဝေဖန်ပါတယ်။

“လမ်းမပေါ်ကလည်း လူသွားစင်္ကြန်ပေါ်ချန်ပြီး ဟိုဘက်ဒီဘက်မှာ ရောင်းနေကြတာပါ။ အဲဒါကို မရောင်းနဲ့ဆိုပြီး မောင်းထုတ် တာ။ နောက်တခုက ပုံစံ(၁၀) မိတ္တူဆောင်ထားရမယ်။ လာရောင်းတဲ့လူတွေတော်တော်များများက တခြားကလာရောင်းတယ်။ နေရာစုံကလာကြတယ်။ သူတို့သတ်မှတ်ထားတဲ့ ဒီမြို့နယ်၆ မြို့နယ်မှာက ငှားနေလို့လည်း မတတ်နိုင်ဘူး။ ၀ယ်နေဖို့လည်း မ တတ်နိုင်ဘူး။ အခုဆင်းရဲ နွမ်းပါးမှု လျှော့ချရေးဆိုတဲ့ စီမံချက်က လူတွေကို ပိုပြီးဒုက္ခရောက်စေတယ်။ ဆိုလိုတာက ဂျပန်မှာ လမ်းတွေကို ရှင်းတာကို ကြိုက်တယ်။ ဂျပန်မှာရှိတဲ့ တဦးချင်းဝင်ငွေနဲ့ မြန်မာပြည်မှာရှိတဲ့ တဦးချင်းဝင်ငွေ၊ ဂျပန်က ကမ္ဘာမှာ စီးပွားရေးအဆင့် နံပါတ် (၃) ရှိတယ်။ မြန်မာနိုင်ငံက ဘယ်အဆင့်ရှိလဲ။ ဒါတွေအကုန်လုံးကို ယှဉ်ပြီးတော့ ကိုယ့်အရပ်ဒေသနဲ့ ကိုက်ညီမယ့် ဟာမျိုးကို လုပ်သင့်တယ်လို့ အကြံပေးချင်တယ်။”

ဈေးသည်တွေ ပေးပို့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် သူတို့ တောင်းဆိုချက်ကို အာဏာပိုင်တွေဘက်က အတိုင်းအတာ တခုထိ ပြေလည်အောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုသွားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့