Thursday, August 18, 2011

ဗိုလ်မှူးများ ဝေစု မတည့်၍ မှောင်ခို တင်ပို့မည့် နွားများ မာန်အောင်တွင် ဖမ်းဆီးခံရ

8/18/2011
စံလင်း

ဒေသအတွင်း စခန်းချနေသော ရေတပ် ဗိုလ်မှူးများ အကြား ဝေစု မတည့်ရာမှ ရခိုင်ကနေ ဘင်္ဂလာသို့ တင်ပို့ရန် စီစဉ်ထား သည့် နွားကောင်ရေ ၁၂၀ ဖမ်းဆီးခံရကြောင်း သတင်း ရရှိသည်။

သြဂတ်စ်လ (၇) ရက်နေ့က ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် စခန်းမှ ဗိုလ်မှူး တဦးက လာရောက် ဖမ်းဆီးခြင်း ဖြစ် ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။


" နွားတွေကို မာန်အောင်မြို့နယ် ဘူးရေမျက်ရွာအနီးက ချောင်းထဲမှာ ဘင်္ဂလားဒေ့ခ်ျကို တင်ပို့ဖို့ စက်လှေ တစီးပေါ်မှာ တင် ထား စဉ် အဲဒီဗိုလ်မှူးနဲ့ အဖွဲ့က သတင်းအရ ကျောက်ဖြူ ရေတပ်စခန်းကနေ လိုက်လာပြီး ဖမ်းဆီးသွားပါတယ်။ စုစုပေါင်း နွားက ၁၂၀ ဖြစ်ပါတယ်။"

အဆိုပါ နွားများကို ဘင်္ဂလာဒေခ်ျ့ တင်ပို့ရန် မာန်အောင်မြို့နယ်၊ မျှော်တော်ဦး ကျေးရွာတွင် စခန်းချနေသော အမှတ် (၁၈) ဓည၀တီ ရေတပ်စခန်းမှ ဗိုလ်မှူးအား လမ်းကြောင်း ကင်းရှင်းရေး အတွက် နွားမှောင်ခို တင်ပို့သူများက ငွေကျပ် သိန်း (၁၀၀) ပေးထားကြောင်း သိရသည်။

" အဲသလို ပေးထားပေမယ့် သူတို့အချင်းချင်း ဝေစု မတည့်ကြဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျောက်ဖြူခရိုင် အဆင့် ရေတပ် က ဗိုလ်မှူး တစ်ဦးက လိုက်လာပြီး ဖမ်းတာ ဖြစ်ပါတယ်။ အရင်ကလည်း ရေတပ်ကို ပိုက်ဆံပေးပြီး သွားလာနေကြတာပါ။ တခါမှ ခုလို ပိုက်ဆံပေးပြီး ဖမ်းခံ ရတာမျိုးတော့ မရှိပါဘူး" ဟု သူက ပြောသည်။

စက်လှေပိုင်ရှင် ဦးတင်ရွှေနှင့်အဖွဲ့မှ နွားများကို မဖမ်းရန် ကျောက်ဖြူခရိုင် ရေတပ် ဗိုလ်မှူးအား သိန်း (၄၀၀) ကျပ် ပေးသော် လည်း လက်မခံဘဲ နွားများကို ဖမ်းဆီး ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မာန်အောင်နှင့် ကျောက်ဖြူဒေသတွင် နွားများကို စီးပွားဖြစ် မွေးမြူ ကြသော်လည်း ရောင်းချမည့် ပြည်တွင်း ဈေးကွက် မရှိသဖြင့် ဒေသခံများသည် နွားများကို ပွဲစား မှောင်ခို သမားများမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ ရောင်းချကြရသည်။

ထိုသို့ တင်ပို့ ရောင်းချရာတွင် လမ်းကြောင်း တလျှောက်ရှိ ရေတပ်၊ စစ်တပ်နှင့် ဒေသဆိုင်ရာ ရဲများကို ဆက်ကြေးပေးပြီး သွား လာကြရသည်။

ရခိုင်ပြည်နယ်တွင် အစိုးရသစ် တက်လာပြီ ဖြစ်သော်လည်း လက်နက်ကိုင် အဖွဲ့များမှာ နယ်ဒေသများတွင် ယခင်ကလို မင်းမူ နေဆဲ ဖြစ်ပြီး တရားမ၀င် ဖမ်းဆီးရမိသော ပစ္စည်းများကို တရားဥပဒေနှင့် အညီ ရုံးတင် တရားစွဲဆိုခြင်း မရှိဘဲ မိမိပိုင် အဖြစ် သိမ်းပိုက် ယူငင် နေကြဆဲ ဖြစ်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများကိုလည်း စစ်တပ်က ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး ဒေသခံများမှာ စီးပွားရေး သမားများမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရရှိဘဲ စစ်အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်နေကြရသည်။ သို့သော်လည်း အာဏာပိုင်များ အကြား အချင်း ချင်း ပါဝါပြသည့် အခါ ဒေသခံ စီးပွားရေးသမားများ ယခုလို နစ်နာပြီး ဒုက္ခ ရောက်ကြရသည်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့