Friday, August 19, 2011

နိုင်ငံတော် သန်မဒကျီး ၏ မေတ္တာစာ


- ၁၉ ၊၈၊၂၀၁၁

ပြည်ပရောက် မြန်မာနိုင်ငံရေး တက်ကြွသူ၊ ကြွတက်သူ၊ နိုးကြားသူ၊ ကြားနှိုးသူ၊ လှုပ်ရှားသူ၊ လုပ်စားသူ၊ အဖွဲ့အစည်းများ၊ လူပုတ်ဂိုလ်များကို ကျန်းမာ ချမ်းသာစေကြောင်း ဦးစွာ နှုတ်ခွန်း ဆက်လိုက်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က နေပူတော်မှာ ကျနော် တွေ့ဆုံ ပြောကြားလိုက်တဲ့ မိန်းခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများ အရေးနဲ့ ပတ်သက်ပြီး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်တာတောင် မဟုတ်ပဲ စဉ်းစားပေးမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ရုံနဲ့ ပြည်ပရောက် မြန်မာ နိုင်ငံရေး သမားတွေ အဖွဲ့အစည်းတွေကြား “ ကြိုဆိုတယ် .. မကြိုဆိုဘူး.... ပြန်မယ်.. မပြန်ဘူး.... စောင့်ကြည့်မယ်... စဉ်းစားဦးမယ်... မိန်းမနဲ့ တိုင်ပင်ဦးမယ်...ယေက်ျား နဲ့ တိုင်ပင်ဦးမယ်... ယုံကြည်တယ်... မယုံကြည်ဘူး...” စသဖြင့် သဘောထား အမျိုးမျိုး ကွဲပြားခဲ့သလို တဦး အပေါ်တဦး အယုံအကြည်တွေ ကင်းမဲ့ကြ… နားလည်မှုတွေ လွဲကြ..နဲ့ အတော်လေးကို အားရဖွယ် တွေ့မြင်ရပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတချက်တည်းနဲ့တင် ကျနော်တို့ လုပ်ရပ် အတော်လေး အောင်မြင် တာမို့ ၀မ်းမြောက် မိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘာမှ လုပ်ပေးတာ မဟုတ်သေးပဲ နဲ့တောင် အတော်ကြီးကို သွေးကွဲကုန်လို့ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ ကျနော်တို့ သဘောထားကြီးပါတယ် ဆိုပြီး နိုင်ငံတကာကို ပြသနိုင်တာမို့ ထပ်ဆင့် ကျေနပ်မိပါတယ်။

ကျနော် ဒီစကားပြောတဲ့အခါ ပစ်မှတ်က အများကြီးကို ထိပါတယ်။ ကျနော်တို့က “စေတနာ ကောင်းနဲ့ ခွင့်လွှတ် နိုင်တာတွေကို ခွင့်လွှတ်ပေးမယ်၊ ပြန်လာခဲ့ပါ” ဆိုရဲ့သားနဲ့ မပြန်လာရင်လည်း ကျနော်တို့ သဘောထား ကြီးတာကို ပြနိုင်တာမို့ အောင်မြင်ပါတယ်။ အဲ.. ကျနော်ပြောတာ အဟုတ်ထင်ပြီး ပြန်လာရင်တော့.. “ကိုယ့်ထိုက်နဲ့ကိုယ့်ကံ” “အမိုက် နင့်ပြင် ရှိဦးမလား” လို့သာ သဘောထား ခဲ့ကြဖို့ လိုပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်ပြောလိုက်တဲ့စကားကြောင့် ၀မ်းမြောက်ဝမ်းသာ ပြန်လာမယ့် သူများ အတွက် ပိုပြီး ၀မ်းသာနိုင်အောင် ကျနော်တို့ စီစဉ် ဆောင်ရွက်ပေးမယ့် အစီအစဉ် များကိုလည်း တဆက်တည်း ပြောကြား ပေးပါ့မယ်။ ပြည်ပက ပြန်လာသူတွေ အတွက် ကျနော်တို့ ထောင်တွေကို တိုးချဲ့ ဆောက်လုပ်ပေးပါ့မယ်။ ယခင်က အင်းစိန်ထောင်၊ သာယာဝတီထောင်၊ မြစ်ကြီးနားထောင်၊ စစ်တွေထောင်၊ သရက်ထောင် စသဖြင့် နိုင်ငံအနှံ့ ထောင်တွေပဲ ရှိခဲ့ပါတယ်။ ယခု နိုင်ငံတကာထောင် တွေအဖြစ် အမေရိကန်ပြန်များ အတွက် “အမေရိကန် ထောင်”၊ သြစတေးလျ ပြန်များအတွက် “သြစတေးလျထောင်” ၊ ဂျပန်က ပြန်လာသူတွေအတွက် “ဂျပန်ထောင်”၊ ထိုင်းက ပြန်လာသူတွေ အ တွက် “ယိုးဒယားထောင်”..“ကိုးရီးယားထောင်၊ မလေးရှားထောင်” စသဖြင့် သီးသီးသန့်သန့် စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်ထဲမှာ နိုင်ငံအလိုက် အထူး အစီအစဉ် ရှိပါတယ်။ ဥပမာ- မလေးရှားအတွက် အဖွဲ့ဝင်တွေ ဖေါဖေါသီသီ ထုတ်ခွင့်ပေးပါ့မယ်။ ဂျပန်က သံရုံးရှေ့ နေ့စဉ် လာအော်သူတွေ ၀ါသနာမပျက် အဆင်ပြေစေဖို့ နေ့စဉ် မိနစ် ၃၀ စိတ်တိုင်းကျ “အားလုံး ကောင်းပါသည်ခင်ဗျား” အော်ခွင့် အစီအစဉ်၊ အမေရိကန်က လူတွေအတွက် “ဖိနပ်ပေါက် အားကစားကွင်း”၊ ယိုးဒယားပြန်တွေ အတွက် အရက်ဆိုင်၊ ကာရာအိုကေနဲ့ လက်ဝှေ့ကွင်း၊ ဘော်လုံး ကွင်း(အသေး) စသဖြင့် ထောင်တွင်းမှာ စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ဂျာနယ်ထုတ်တာ ၀ါသနာပါတဲ့ သူတွေအတွက် ထောင်တွင်း ဂျာနယ်၊ ထောင်တွင်း နံရံကပ် စာစောင်တွေနဲ့ ထောင်တွင်း မီဒီယာ သမားများ၊ ထောင်တွင်း ဘလော့ဂါများ၊ ထောင်တွင်း စီဘောက်သမားများ၊ ကိုယ့်ဘက်တော်သား အချင်းချင်း အားပါးတရ အပြင်းအထန် ပြစ်ပြစ် နှစ်နှစ်၊ ပိုးစိုးပက်စက် သွားပုတ် လေလွင့် ရေးသား နိုင်မှာ ဖြစ်ပါတယ်။ ပုံပါမှ အားရသူတွေ အတွက်လည်း (ဗျူးသူရော၊ အဗျူးခံသူရော) ဖက်ရှင် လှလှလေးတွေ ၀တ်ပြီး အရေမရ အဖတ်မရ အပြိုင်အဆိုင်ကိုယ်ရည်သွေး တီးလုံးတွေတီးနိုင်ဖို့ ထောင်တွင်း တီဗွီအသံ လွှင့်ဌာနလည်း ထားပေးပါ့မယ်။ (DVJB = Drunken Voice of Jails in Burma.... လို့ နာမယ်တပ်ခွင့် တောင် ပေး..ဦး..မှာ.....)

ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ထောင်တွင်းမှာ အန်ဂျီအိုတွေ မအို တအိုတွေလည်း ထားပေးမှာ ဖြစ်ပါတယ်။ ငွေကြေးလည်း အလှူခံခွင့်၊ ပရောဂျက်ရေးခွင့်၊ ပရိုပိုဇယ် ရေးခွင့်တွေ ပေးပြီး အန်ဂျီ မအို တအိုတွေထံ တင်ပြခွင့် ပေးထားမှာ ဖြစ်ပါတယ်။ အန်ဂျီအိုတွေ ရှိခြင်း အားဖြင့်၊ ငွေကြေးတွေ ကိုင်တွယ် အသုံးပြုခြင်းအားဖြင့် သူတို့ အချင်းချင်း ကျနော်တို့ ဘာမှ လုပ်စရာမလိုပဲ ကွဲကြ ပြဲကြ၊ ဆော်ကြ နှက်ကြနဲ့ အလွန်ကို ပျော်စရာ ကောင်းစေချင်လို့ ဖြစ်ပါတယ်။ ငွေစာရင်းတွေကို ရှင်းမရ၊ ငွေစာရင်း ရှင်းတမ်းတောင်းရင်း မာန်ဖီကြ၊ “အလှူငွေကောက်ရင် ငါတို့ အဖွဲ့နဲ့ ငါနဲ့တော့ မထည့်နိုင် ပေမယ့် အဖွဲ့ဝင်သစ် လေးတွေဆီက တောင်းပေးမယ်” ဆိုပြီး ထမိန်ရည်ပူလာ လျှာလွှဲကြ တာမျိုးကလည်း အင်မတန်မှ ကြည်နူးစရာ ကောင်းလှတာကိုး ခင်ဗျ။

ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ပြည်ပက ပြန်လာသူတွေကို ရံပုံငွေပွဲတွေ လုပ်ခွင့်လည်း ပြုမှာဖြစ်ပါတယ်။ ဒါလည်း ဆိုခဲ့သလို ကွဲစေ ပြဲစေတဲ့နည်းလမ်း တခုကိုး ခင်ဗျ။ အနှစ် ၂၀ကျော် ကျနော်တို့ကို ပြည်ပကနေ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်တာ ဒီလို အချက်တွေလည်း ပါတာမို့ ပြည်တွင်းမှာလည်း သူတို့ကို ဒါတွေ ဆက်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး နံနက်စာ၊ နေ့လည်စာတွေ အပြင် ညစာကိုလည်း အရက်ဝိုင်းတွေ ဘာတွေ ဖန်တီး ပေးထားမှာ ဖြစ်ပါတယ်။ထောင်တွင်း သက်သာဆိုင်၊ ထောင်တွင်း ကာရာအိုကေ၊ အနှိပ်ခန်း စသဖြင့် ထားရှိပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ငွေနဲ့ကိုယ် စိတ်တိုင်းကျ မူးယစ်ပျော်ပါးပြီး နိုင်ငံရေး ဆွေးနွေး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ ကျနော်တို့ အစိုးရသစ်ရဲ့ စေတနာတွေပေါ့ ခင်ဗျာ။ အပြင်ကနေ တိုင်းပြည် ကောင်းအောင် ဘာလုပ်မယ် ညာလုပ်မယ် ပြောနေမယ့် အစား လက်တွေ့ ကျကျ လုပ်နိုင်အောင် ပြည်ပက ပြန်လာသူတွေကို လမ်းတံတား ဆောက်တာတွေ၊ အုတ်သယ်၊ ခဲသယ်ခွင့် (တချို့ သဘောထား ပြော့ပြောင်း သူတွေကိုဆို ရဲဘက်စခန်းမှာ ကျောက်ထုခွင့် တွေကို) ပြည့်ပြည့်၀၀ ပေးပြီး နိုင်ငံတော်သစ်ကို တည်ဆောက်စေမှာ ဖြစ်ပါတယ်။

ဒါတင်ပဲလား သမ်မဒကျီးရယ် ဆိုရင်တော့.. ရှိပါသေးတယ်။ (လေသက်သက်) တိုက်ပွဲ ပျော်များ အတွက်ကတော့ ပြန်လာရင် တပ်မတော်အတွက် ပေါ်တာ လိုက်ခွင့်၊ အသေခံ လူသား မိုင်းရှင်း သမားအဖြစ် မိုင်းနင်းခွင့်လည်း တစ်ဝကြီး ပေးမှာဖြစ်ပါတယ်။
ယခု ပြောနေတာတွေက ကျနော် တကယ်ကို စေတနာထားပြီး ဆောင်ရွက် ပေးမှာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်လာမယ် ဆိုရင် အားမနာတမ်း အသက်ကို ဖက်နဲ့ထုပ်ပြီး ပြန်လာ နိုင်ပါပြီ ဆိုတဲ့ အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား။

ကြီးစွာသောမေတ္တာဖြင့်
“ဒါတင်ပဲလား” သမ်မဒကျီး

မောင်ကိုဦး
၁၉ ၊၈။၂၀၁၁။


0 comments:

အပေါ်သို့